ဆူးလေ - အောင်မင်္ဂလာ ပြေးဆွဲနေသည့်ကားများ မှတ်ပုံတင်လုပ်ထုံးလုပ်နည်းနှင့် မညီ

ဆူးလေ - အောင်မင်္ဂလာ ပြေးဆွဲနေသည့်ကားများ မှတ်ပုံတင်လုပ်ထုံးလုပ်နည်းနှင့် မညီ
ဓာတ်ပုံ-ရန်ကုန်လွှတ်တော်

ရန်ကုန်၊ဒီဇင်ဘာလ ၄ ။         ။ ရန်ကုန်မြို့လယ်ဆူးလေ နှင့် အောင်မင်္ဂလာအဝေးပြေးကားဝန်း ပြေးဆွဲနေသည့်ကားများမှာ အငှားယာဉ်မှတ်ပုံတင်ဖြစ်၍ လုပ်ထုံးလုပ်နည်းဖြင့် ညီညွှတ်မှုမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ဒီဇင်ဘာ၄ရက် ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် တစ်စိတ်တစ်ပိုင်းအဆင်ပြေချောမွေ့နေသည့် စင်းလုံးငှားယာဉ်လိုင်းများကို တရားဝင်စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကို သိရှိလိုကြောင်ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။

ဆူးလေ-အောင်မင်္ဂလာလိုင်းများပြေးဆွဲနေသောလမ်းကြောင်းများသည် YBS လိုင်းကားများပြေးဆွဲနေသည့် လမ်းကြောင်းများအတိုင်းဖြစ်နေကြောင်း၊ အဆိုပါကားများ၏ မှတ်ပုံတင်ထားရှိမှုမှာ အငှားယာဉ် မှတ်ပုံတင်သာဖြစ်နေသည့်အတွက် လုပ်ထုံးလုပ်နည်းအရ ညီညွတ်မှုမရှိတဲ့အတွက် ယာယီရပ်တန့်ထားခြင်းဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က  ပြောသည်။

အဆိုပါ ဆူးလေ အောင်မင်္ဂလာ ကားများကို လုပ်ထုံးလုပ်နည်းများအရညီညွတ်အောင် စည်းမျဉ်းစည်းကမ်းများ နှင့် စနစ်တကျ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်းကိုလည်း   ဒေါ်နီလာကျော်ကဆက်ပြောသည်။

ဆူးလေမှ အောင်မင်္ဂလာအဝေးပြေသို့ ပို့ဆောင်ပေးနေသည့် ကားများမှာ ယာဉ်စီးခ တစ်ထောင်ကျပ်ကျသင့်နေသည်။

၎င်းကားမျာကို ယာယီရပ်တန့်ထားသည်ဟု ဆိုထားသော်လည်း ကားများဆက်လက်ပြေးဆွဲလျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ တက္ကစီ အစီးရေ (၆၇၀၀၀)ကျော်ရှိပြီး အများစုမှာ ပုဂ္ဂလိကပိုင်တက္ကစီယာဉ်များဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required