ရိုက်နှက်ခံဆရာတော်ဖြစ်စဉ် မမှန်မကန်ထပ်မံရေးသားဖော်ပြ ပါက တရားစွဲဆိုမည်ဟုဆို

ရိုက်နှက်ခံဆရာတော်ဖြစ်စဉ် မမှန်မကန်ထပ်မံရေးသားဖော်ပြ ပါက တရားစွဲဆိုမည်ဟုဆို

ရန်ကုန် ဒီဇင်ဘာ ၄ ။           ။ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရိုက်နှက်ထိုးကြိတ်ခံရ သော ဆရာတော်၏ဖြစ်စဉ်နှင့်ပတ်သက်၍ မဟုတ် မမှန်စွပ်စွဲပြောဆိုမှုများနှင့် သတင်းလွဲမှားရေးသား ဖော်ပြမှုများထပ်မံပြုလုပ်ပါက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ရမ်းဗြဲမြို့နယ်အသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ရိုက်နှက်ထိုးကြိတ်ခံခဲ့ရသော ရန်ကုန်တိုင်း၊ လှည်း ကူးမြို့နယ်ရှိ၊ ရမ္မာဝတီကျောင်းတိုက် ဆရာတော် ဦးဣန္ဒကနှင့်ပတ်သက်၍ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်၊ ဗဟန်းမြို့နယ်၊ သမ္မတသင်္ကန်းတိုက်တွင် ပြုလုပ်ခဲ့သည့် သတင်း စာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" အားလုံး မှန်မှန်ကန်ကန်ရေးပေးကြပါ၊ Facebook တင်တဲ့သူတွေလည်း အလွယ်တကူ မတင်ကြပါနဲ့၊ အမျိုးဘာသာ သာသနာကို စောင့် ရှောက်တဲ့အနေနဲ့ မှန်မှန်ကန်ကန်ဖော်ပြရေးသား ပေးကြပါ၊ အကယ်၍ မမှန်မကန် ရေးသားဖော်ပြ မယ်ဆိုရင်တော့ ကျွန်တော်တို့ ရမ်းဗြဲမြို့နယ် အသင်း (ရန်ကုန်)က တိတိကျကျဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမယ်ဆိုတာ ဒီနေရာက သတိပေးလိုပါတယ်" ဟု ရမ်းဗြဲမြို့နယ် အသင်းဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဆရာတော်၏ဖြစ်စဉ် နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများနှင့် သတင်းမီဒီယာဂျာနယ်အချို့တွင် သတင်းမှားယွင်း ဖော်ပြခဲ့ကြပြီး ဆရာတော်ကြီး၏ ဂုဏ်သိက္ခာ ကို ထိခိုက်စေခဲ့ကြောင်း၊ နောက်ထပ် မမှန်မကန် ရေးသားဖော်ပြပါက လုံးဝလက်ခံမည်မဟုတ် ကြောင်း ၄င်းက ဆက်လက်ပြောပြခဲ့သည်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်လမ်းဆုံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရဟန်းတစ်ပါးကို သံဃာအတုဟု ပြောဆို ထိုး ကြိတ် ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် ဗွီဒီယိုဖိုင် တစ်ခုမှာ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီး နောက် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

ဆရာတော်သည် ဘဏ်သို့ငွေအပ်ပြီးအပြန် ဆေးသောက်လိုသည့်အတွက် စားသောက်ဆိုင်အတွင်း ဝင်ရောက်ကာ ရေအလှူခံခဲ့ကြောင်း၊ ဆရာတော် သည် ရခိုင်တိုင်းရင်းသားဖြစ်သည့်အတွက် ရေကို ရခိုင်လို' ရွီ'ခေါ်သည့်အတွက် ဆရာတော်က ရွီယာ ပေးပါဟု အလှူခံခဲ့ခြင်းကို၊ ဘီယာပေးပါဟု အထင် မှားပြီး၊ ယခုခုလို ရိုက်နှက်သည်အထိ ဖြစ်ခဲ့ရ ကြောင်း၊ အချိန်အတော်ကြာ ရိုက်နှက်ခဲ့ပြီးနောက်

နောက်နောင် အရက်မသောက်ရန် ဝန်ခံကတိ အတင်းထိုးခိုင်းခဲ့ခြင်းသာဖြစ်ကြောင်း ဆရာတော် ၏ တပည့် သံဃာတော်များက မိန့်ကြားသည်။

" ဆရာတော်ဘုရားရဲ့အဖြစ်မှန်ကိုမေးမြန်းခြင်း စုံစမ်းခြင်းမရှိပဲနဲ့၊ အရက်သောက်တဲ့ဘုန်းကြီးပဲ၊ ခံရမှာပေါ့လို့ ဝိုင်းဝန်းပြီးတော့ ဖျောင်းဖျမယ့် ပုဂ္ဂိုလ်မရှိတဲ့အပြင် အဖြစ်မှန်ပေါ်ပေါက်အောင် မမေးဘဲ ဝိုင်းဝန်းပြီးတော့ အပြစ်ပုံချနေတာ ဆရာ တော်ကြီးက ခံခဲ့ရတယ်၊ အဲဒီလိုခံခဲ့ရတဲ့အချိန်မှာ စာရွက်ပေါ်မှာ လက်မှတ်ထိုးခိုင်းတယ်၊ အားလုံး သိတဲ့အတိုင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ခံဝန် ဆိုတာကို သတင်းမီဒီယာသမားတွေက ဒါကို လက်ညှိုးထိုး အရက်ဆိုင်ဝင် အရက်ဝယ်တယ်လို့ လုပ်နေကြတာဖြစ်ပါတယ်" ဟု ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

ယခုရက်ပိုင်းအတွင်း မှားယွင်းဖေါ်ပြခဲ့သော မီဒီယာများကို တရားဆွဲမည်မဟုတ်ပဲ မှားယွင်းဖေါ်ပြခဲ့သော စာမျက်နှာတွင် အမှားပြင်ဆင်ချက်တောင်းပန်စာပြန်ထည့်ပေးစေလိုကြောင်း သတင်းစာရှင်းလင်းပွဲတွင်ဆရာတော်များက မိန့်ကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင်နှင့် ၀ိုင်းဝန်းထိုးကြိတ်သူတို့ကို ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ)၁၂၅၆။ ၂၀၁၇၊ ပြစ်မှု ဥပဒေပုဒ်မ ၂၉၅(ဘာသာ သာသနာကို စော်ကားမှု)။ ၃၂၃(မိမိအလိုအလျောက် နာကျင်စေမှု)။ ၁၁၄(ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု)ဖြင့် အမှုဖွင့် အရေးယူထားသည်။

သတင်းစာရှင်းလင်းပွဲသို့ ကာယကံရှင်ဆရာတော် ဦးဣန္ဒကနှင့် သံဃာတော်များ၊ တပည့်ဒါယိကာ များ၊ ရမ်းဗြဲမြို့နယ်အသင်းဝင်များ တက်ရောက် ရှင်းလင်းခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required