ဟက်ဇက်နဲ့ကော့တွိုက်စ်တို့ကို စာချုပ်သက်တမ်းတိုးဖို့ ချယ်လ်ဆီးကို ကွန်တီတိုက်တွန်း

ဟက်ဇက်နဲ့ကော့တွိုက်စ်တို့ကို စာချုပ်သက်တမ်းတိုးဖို့ ချယ်လ်ဆီးကို ကွန်တီတိုက်တွန်း

အင်္ဂလန်၊ ဒီဇင်ဘာ ၄ ။             ။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဟက်ဇက်နဲ့ ကော့တွိုက်စ်တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် စာချုပ်သက်တမ်းတိုးဖို့ ချယ်လ်ဆီးအသင်းအာဏာပိုင်တွေကို နည်းပြကွန်တီက တိုက်တွန်းလိုက်ပါတယ်။

ကော့တွိုက်စ်ရဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်တော့ပြီး ဟက်ဇက်ရဲ့စာချုပ်သက်တမ်းကတော့ ၂ နှစ်ကျန်နေပါသေးတယ်။ ကော့တွိုက်စ်ဟာ လက်ရှိမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲတိုင်း လက်စွမ်းပြနေသလို ဟက်ဇက်ကလည်း နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲမှာ ၈ ဂိုးအထိသွင်းယူပြီး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

“ကော့တွိုက်စ်နဲ့ဟက်ဇက်တို့ နှစ်ယောက်စလုံးကို စာချုပ်သက်တမ်းတိုးစေချင်ပါတယ်။ ကော့တွိုက်စ်က လက်ရှိဘောလုံးလောကမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတစ်ဦးပါ။ ဟက်ဇက်ကလည်း ကမ္ဘာ့အကောင်းဆုံးထိပ်တန်း ကစားသမားတစ်ဦးပါပဲ။ သူတို့နှစ်ယောက်စလုံးက အသင်းအတွက် အရေးကြီးတယ်ဆိုတာ တာဝန်ရှိသူတွေ သိပါတယ်။ သူတို့ကို စာချုပ်သစ် ချုပ်နိုင်မယ်ဆိုရင် ကျွန်တော်အရမ်းပျော်မိမှာပါ” လို့ ကွန်တီက ဆိုပါတယ်။

ဟက်ဇက်ဟာ ၂၀၁၂ ခုနှစ်ကတည်းက ချယ်လ်ဆီးအသင်းမှာ ကစားနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၂ လုံးနဲ့ ယူရိုပါလိဂ်ဖလား ၁ လုံး ရရှိထားပါတယ်။ ကော့တွိုက်စ်ကတော့ ၂၀၁၄ ခုနှစ်ကမှ ချယ်လ်ဆီးနဲ့အတူ ပွဲထွက်ခွင့်စတင်ရခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ လုံးနဲ့ ရှုံးထွက်ဖလား ၁ လုံးရရှိထားသူ ဖြစ်ပါတယ်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required