ရဟန်းတစ်ပါး ထိုးကြိတ်ခံရမှု ဥပဒေစိုးမိုးရေး နှင့် တိုင်ကြားစာများ စီစစ်ရေးကော်မတီ စစ်ဆေး

ရဟန်းတစ်ပါး ထိုးကြိတ်ခံရမှု ဥပဒေစိုးမိုးရေး နှင့် တိုင်ကြားစာများ စီစစ်ရေးကော်မတီ စစ်ဆေး
ဓာတ်ပုံ - ဒေါင်းလူ

 

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။          ။ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ရဟန်းတစ်ပါးအား သံဃာအတုဟု ပြောဆို ထိုး ကြိတ် ရိုက်နှက်ခဲ့သည့်ကိစ္စနှင့် ပက်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး “တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စီစစ်ရေး ကေ်ာမတီမှစစ်ဆေး”  နေကြောင်း ယင်းကော်မတီဥက္ကဌ ဦးမြင့်လွင်က ပြောသည်။

ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်လမ်းဆုံရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ ၀င်ရောက်လာသည့် ရဟန်းတစ်ပါးကို သံဃာအတုဟု ပြောဆို ထိုး ကြိတ် ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် ဗွီဒီယိုဖိုင် တစ်ခုမှာ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ပြီး နောက် ဝေဖန်မှုများမြင့်တက်ခဲ့သည်။

“ ထူးခြားတဲ့ ပြသာနာဖြစ်ရင် ဖြစ်သလိုကျွန်တော်တို့ကပြည်သူ့ကိစ္စဆိုတော့။ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးပါတာကိုး။ ခံရတဲ့သူရဲ့ အခွင့်အရေး ကို ထိထိရောက်ရောက်ရအောင်လို့   ဆောင်ရွက်ပေးရမယ့်တာဝန်ရှိတော့ သတင်းကြားရင်ကြားသလို အဖွဲ့နဲ့ဆင်းပြီး စစ်ဆေးရတာ။ ဘာသာရေးနဲ့ပတ် သက် တာက ဒီတစ်ခုပါပဲ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ပြီးတော့ ထိထိရောက်ရောက်အရေးယူမှာပါ “ ဟု ၄င်းကဆိုသည်။

ထို့အပြင် ကျူးလွန်သည့်သူများအား အာမခံပေးမည်မဟုတ်ဘဲ ဆေးစာကျလာသည့်အခါတွင် ဥပဒေနှင့်အညီ တရားရုံးတင်ကာ ထိထိရောက်ရောက် ထိုက်သင့်သည့် အပြစ်ကိုပေးနိုင်ရန် ကြိုးပမ်းနေကြောင်းလည်း မြောက်ဥက္ကဌလာပမြို့နယ် အမှတ်(၂)  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လည်း ဖြစ်သည့်  ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လွင်ကပြောသည်။

ရိုက်နှက်ခဲ့သည့်ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်နှင့် လာ ရောက် စားသုံးသူတို့ကို ထောက်ကြန့်နယ်မြေ ရဲစခန်းက (ပ)၁၂၅၆။ ၂၀၁၇၊ ပြစ်မှု ဥပဒေပုဒ်မ ၂၉၅(ဘာသာ သာသနာကို စော်ကားမှု)။ ၃၂၃(မိမိအလိုအလျောက် နာကျင်စေမှု)။ ၁၁၄ (ြ ပစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု )ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

ထိုးကြိတ်ရိုက်နှက်ခံရသည့် ဆရာတော်မှာ ရန်ကုန် တိုင်း၊ လှည်းကူးမြို့နယ်ရှိ၊ ရမ္မာဝတီ ကျောင်းတိုက် တွင် သီတင်းသုံးနေထိုင်သည့် ဘွဲ့အမည် ဦးဣန္ဒက ဖြစ်သည်။

အဆိုပါအမှုကို စစ်ဆေးနေသည့် ရန်ကုန်တိုင်းဒေသကြီး “တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စီစစ်ရေး ကေ်ာမတီ” သည် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် (၁၁) ဦးပါ၀င်သည့်အဖွဲ့လည်းဖြစ်ပြီး ဒုတိယအကြိမ်ရန်ကုန်တိုင်းလွှတ်တော်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် သက်ဆိုင်ရာ ဏ္ဍအလိုက် ဖွဲ့စည်းထားသည့် ကော်မတီ (၁၁) ခုရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required