တပ်မတော်နှင့် AA တစ်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့

တပ်မတော်နှင့် AA တစ်လအတွင်း တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်ပွားခဲ့

 

ရန်ကုန်၊ ဒီဇင်ဘာ ၄ ။             ။ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA) တို့တစ်လအတွင်း တိုက်ပွဲပေါင်းတစ်ရာကျော်ဖြစ်ပွားခဲ့သည်ဟု AA အဖွဲ့မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္စျိမသို့ ပြောသည်။

တိုက်ပွဲအများစုမှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ချင်းပြည်နယ် ပလက်ဝမြို့အတွင်းရှိ ရွာများတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် ဘူးသီးတောင် တွင်လည်း နိုဝင်ဘာ လကုန်ပိုင်းကဖြစ်ပွားခဲ့သေးသည်။

“ နိုဝင်ဘာ ၁ရက်နေ့ကနေ ဒီဇင်ဘာ ၃ ရက်အထိ တိုက်ပွဲပေါင်း ၁၀၀ ကျော်ဖြစ်တယ်ဗျ “ ဟု ဦးခိုင်သုခကဆိုသည်။

နိုဝင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန်မြစ်အနီးတစ်ဝိုက် နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့အထိတိုက်ပွဲများရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

“ မနေ့က တစ်ရက်နားတယ်။ အရင်ရက်တွေတုန်းကတော့ တိုက်ပွဲတွေ တော်တော်ပြင်းပြင်း ထန်ထန်ဖြစ်ခဲ့တယ် “  ဟု AA အဖွဲ့မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္စျိမသို့ ပြောသည်။

ပြသာနာများကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာချင်သည်ဟုလည်း ရက္ခိုင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA) ဘက်မှ ပြောဆိုထားပြီး အစိုးရဘက်မှတုန့်ပြန်ထားခြင်းမရှိသေးပေ။

အဆိုပါတိုက်ပွဲများကြောင့် ချင်းပြည်နယ် ရှင်းလက်ဝဘက်သို့ ထွက်ပြေးတိမ်းရှောင် လာသည့် ပြည်သူ ၃၃၄ ဦးရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်အတွင်း သို့ထွက်ပြေးသည့် သူများလည်းရှိနေသောကြောင့် စုစုပေါင်း ဒေသခံ ၁၅၀၀ ခန့် စစ်ဘေးရှောင်နေရကြောင်း AA ဘက်မှထုတ်ပြန်ထားသည်။

လတ်တလောတွင် ရှင်းလက်ဝဘက်သို့တိမ်းရှောင်လာသူများအတွက် ချင်းပြည်နယ်အစိုး ရမှ စားနပ်ရိက္ခာတွေကို ၂ လစာအား ကြိုတင်စီမံထား ရှိကြောင်းလည်း သိရသည်။

ရက္ခိုင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (AA)သည် အစိုးရမှ တရားမဝင်အဖွဲ့အစည်းအဖြစ်ကြေငြာထားသည့်အဖွဲ့လည်းဖြစ်ပြီး UWSA ဦးဆောင်သည့် လက်နက်ကိုင် ရ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ (FPNCC) အဖွဲ့ဝင်လည်းးဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required