တိရိစ္ဆာန်လေးတွေလည်း ငြိမ်းချမ်းစွာ အနားယူလဲလျာင်းနိုင်ပါစေ

တိရိစ္ဆာန်လေးတွေလည်း ငြိမ်းချမ်းစွာ အနားယူလဲလျာင်းနိုင်ပါစေ

 

ဒီဇင်ဘာ ၄ ။                ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မိုင်းရှာခွေး တပ်ကြပ်ကြီး မိုက်ကယ်ဆို လူတော်တော်များများသိကြမှာပါ။ သူ နောက်ဆုံးအနားယူလဲလျောင်းသွားတဲ့ နေရာလည်း ဖြစ်ပြီး အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ နောက်ဆုံးနားခိုရာလည်း ဖြစ်ပါတယ်။ တကယ်တော့ ဒါက သုသာန်သချိုင်းတစ်ခုပါ။ ဒါပေမယ့် ဒီထက်ပိုတာကတော့ အိမ်မွေးတိရိစ္ဆာန်တွေအတွက်   နေရာတစ်နေရာသီးသန့်ထားပြီး မြှုပ်နှံပေးလို့ရတဲ့ သချိုင်းတစ်ခုဆိုရင် မမှားပါဘူး။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တစ်ခုတည်းသော နေရာလို့လည်း ပြောလို့ရပါတယ်။  

ကိုယ့်ရဲ့မိသားစုဝင်ပမာ အတူနေထိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေ ဆုံးပါးသွားလို့ ဒီနေရာကို တကူးတက လာရောက်မြှုပ်နှံသူတွေ ရှိပါတယ်။

“ အရင်တုန်းက တိရိစ္ဆာန်ချစ်သူများ ဂရုမှာ ၀င်ထားဖူးတာပေါ့နော်။ သိပ်တော့ သတိမထားမိဘူး။ ဒီလိုနေရာလေးတွေ ကလေးတွေအတွက် ရှိတယ်ဆိုတာလေ။ ဖြစ်ချင်တော့ဖိုးသားဆုံးတဲ့ညမှာ ကလေးကိုစဉ်းစားလို့လည်းမရဘူး။ ဘာလုပ်ရမှန်းမသိဘူးဆိုတော့ မိသားစုဝင်တစ်ယောက် အနေနဲ့ဆိုလည်း မပစ်ချင်ဘူး။အရမ်းစိတ်ထဲမှာခံစားရတယ်။ နောက်ဆုံးကျ အင်တာနက်ထဲမှာ တတ်နိုင်သလောက်ရှာလည်းရှာလိုက်ရော သန်လျင်မှာ ဒီလို မျိုး ကလေးတွေအတွက် နေရာရှိ တယ်ဆိုတဲ့ Post လေးကိုပြန်တွေ့တာနဲ့ မနက်လည်းရောက်ရော ဖုန်းဆက်ပြီး ကလေးအတွက် လာပြီးလုပ်ပေးလိုက်တာပါ။သူတို့ရဲ့ နောက်ဆုံးအချိန်လေးကိုပိုပြီးကောင်းကောင်းမွန်မွန် ဖြစ်စေချင်တဲ့သဘောနဲ့ပါ" လို့  မင်္ဂလာတောင် ညွှန့်မြို့နယ်ကနေ သူချစ်တဲ့ကြောင်လေးကို လာရောက်မြှုပ်နှံတဲ့ မမေဖူးက ပြောပါတယ်။

ဒီ သုသာန်မှာတော့ ကွယ်လွန်သွားတဲ့ လူတွေကို ဆက်လက်မြှုပ်နှံနေသေးပေမယ့် တိရိစ္ဆာန်လေးတွေ သေဆုံးရင် မြေမြှုပ်ဖို့နေရာအချို့ ပြုလုပ်ထားပါတယ်။ သူတို့ကို ချစ်သူခင်သူတွေအတွက် အမှတ်တရ ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ် ၂၀၀ နီးပါးကတည်းက အခုထိ အသုံးပြုနေတဲ့  ပျဉ်ထောင်ကျောင်းသုသာန်မှာ ဒီလိုတိရိစ္ဆာန်လေးတွေကို မြှုပ်နှံနေတဲ့အတွက် ဝေဖန်မှုတွေလည်း ခံနေရပါတယ်။

“ တိုက်ခိုက်နေတဲ့သူတွေအကုန်လုံးကိုပြောချင်တာပေါ့နော်။ ကျွန်တော်တို့ကိုမတိုက်ခိုက်ကြပါနဲ့။ မတိုက်ခိုက်ကြပါနဲ့ဆိုတာ တောင်းပန်ပါတယ်။ တိလေးတွေရဲ့ ခံစားချက်ကို တိချစ်တဲ့သူတိုင်း တိလေးတွေကို မွေးဖူးတဲ့သူတိုင်းမှသာ နားလည်မှာပါ။ ဒါကတစ်ယောက်နဲ့တစ်ယောက် အဆိုးအကောင်းဆိုတာကတော့ အမြဲတမ်းရှိနေတာပေါ့နော်။ ကျွန်တော်တို့လုပ်နေတဲ့ ကိစ္စတစ်ခုကို လာပြီးတော့ လေ့လာကြည့်ပါ။ လေ့လာပြီးတဲ့အခါကျမှ ကိုယ်တိုင်မခံစားနိုင်အောင် နားလည်ပေးပါ " ဆိုပြီး တိရိစ္ဆာန်ဒါလေးတွေ မြေမြှုပ်သဂြိုလ်ပေးဖို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာတင်ထွန်းနိုင်က ပြောပါတယ်။

ဘယ်လိုပဲ ဖြစ်ပါစေ။  ၂၀၁၆ ခုနှစ်ကတည်းက သန်လျင်မြို့နယ်မှာရှိတဲ့ ပျဉ်ထောင်ကျောင်း သုသာန်မှာ တိရိစ္ဆာန်လေးတွေကို အုတ်ဂူသွင်းပြီး မြုပ်နှံပေးနေတာ အခုဆို တစ်နှစ်ကျော်ရှိခဲ့ပါပြီ။ တစ်နှစ်အတွင်းကို သေဆုံးသွားတဲ့ တိရစ္ဆာန်လေးတွေအတွက် ဂူပေါင်း ၄၀ ကျော် မြှပ်နှံထားပြီး ဖြစ်ပါတယ်။ မြှုပ်နှံထားတဲ့အထဲမှာ ခွေး၊ ကြောင်တွေက အများစုဖြစ်ပြီး ယုန်လေးတွေကိုလည်း မြုပ်နှံထားတာရှိပါတယ်။ ထိုက်သင့်တဲ့ငွေကြေးနဲ့ မြုပ်နှံပေးနေတဲ့ အဲ့ဒီ့ သုသာန်မှာ ဂူသွင်းပြီးရင်လည်း အဲ့ဒီ့ အုတ်ဂူလေးတွေကို ဆက်လက်စောင့်ရှောက်ပေးတယ်လို့လည်း သိရပါတယ်။  

လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းကစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့တဲ့ခွေးလေးတွေကို မြေမြှုပ် သဂြိုလ်ပေးနေပြီး အခုလက်ရှိလည်း အုတ်ဂူတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသူ ကတော့ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ ဦးစံရှား ပဲ ဖြစ်ပါတယ်။

 “ အဘက စည်ပင်ဝန်ထမ်းပဲပေါ့။ ဒီကလေးတွေကို သားသမီးပဲပေါ့။ ရင်ဝယ်ပမာ ၃၁ ဘုံမှာရှိတဲ့  ဝေနေယလေးတွေကို စေတနာဖြစ်နဲ့ လုပ်ပေးတာပေါ့လေ။အဲ့တာလေးတွေလုပ်ပေးပြီး အဘတို့ ကလေးတွေကိုလည်း လူတွေလွှင့်ပစ်ရင် အနံ့အသက်တွေဖြစ်မှာစိုးလို့ အုတ်ဂူလေးနဲ့ တင့်တင့်တယ်တယ်လေးဖြစ်သွားတာလေးကို ကြည့်ကောင်းတယ်ဆိုပြီးလုပ်ပေးလိုက်တာပဲ။ သူတို့ တတ်အားသရွေ့ပေါ့။ ရှိတဲ့သူကျတော့လည်း ပေးတယ်။ မရှိတဲ့သူကျတော့လည်း မရှိသလိုပေါ့။ အဲ့ဒါလေးတွေလုပ်ပေးတယ် " လို့ ဦးစံရှား (ပျဉ်ထောင်ကျောင်းသုသာန် တာဝန်ရှိသူ)က မဇ္ဈိမကို ပြောပါတယ်။

လူတွေနဲ့ နီးစပ်တဲ့ တိရိစ္ဆာန်အများစုဟာ အချစ်ခံရပေမယ့် သူတို့ သေဆုံးတဲ့ အခါကျတော့ သေချာမြှုပ်နှံပေးတဲ့သူရှိသလို တစ်ချို့တွေကြတော့ အမှိုက်ပုံး ဒါမှမဟုတ် နီးစပ်ရာ မြစ်၊ ချောင်းတွေမှာ စွန့်ပစ်လိုက်ကြပါတယ်။ ဒီလို စွန့်ပစ်လိုက်တာထက် ကိုယ်ချစ်ခင်ရတဲ့ တိရိစ္ဆာန်လေးတွေ သေဆုံးသွားရင် သန်လျင်မြို့နယ် ရေလည်ကျောက်တန်းဘုရားကို သွားတဲ့လမ်းမှာရှိတဲ့  ကျိုက်ခေါက် ဘုရားအကျော်က ပျဉ်ထောင်ကျောင်းသုသာန်မှာ မြေမြှုပ်ပေးလို့ရပါတယ်။

“ တိရိစ္တာန်တွေက သေသွားရင်အများစုကတော့ နီးစပ်ရာမှာပေါ့။ အမှိုက်ပုံးထဲမှာပစ်ချလိုက်တာပဲ။ အဲ့လို အနီးအနားပတ်ဝန်းကျင်မှာ ပြီးသလိုလုပ်လိုက်တာပေါ့။ အခုလို ဒီလိုနေရာမျိုးရှိတဲ့အတွက် သူတို့အတွက် ဒါ အေးအေးချမ်းချမ်းလေးဖြစ်သွားတာပေါ့နော်။ သူတို့လည်း သက်ရှိတွေပဲလေ ကိုယ်ချင်းစာတဲ့ စိတ်နဲ့ပေါ့နော်  ဒီလိုနေရာမျိုးရှိတာ အင်မတန်ကောင်းမွန်ပါတယ် " လို့ ကိုဇော်မျိုးထွဋ် ( ဗိုလ်တထောင်မြို့နယ်) က ပြောပါတယ်။

ခွေးလို့ပဲပြောပြော၊ ကြောင်လို့ပဲဆိုဆို  တိရိစ္ဆာန်တွေပေမယ့် သူတို့ကိုချစ်တဲ့ သူတွေအတွက်တော့ မိသားစုဝင်တစ်ယောက်လို့ တိရိစ္ဆာန်ချစ်သူတွေကပြောပါတယ်။ ဒီနေရာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောလို့ သင့်မသင့် မသိပေမယ့် ရန်ကုန်မှာတော့ ပထမဆုံးလို့ပြောလို့ရပါတယ်။

“ ကလေးတွေအတွက်ပေါ့နော် ဒီလိုမျိုးနေရာလေးတွေ ကိုယ်တကယ်လို့မွေးထားတဲ့ ကလေးတွေဘာတွေပေါ့နော် အခက်မသင့်လို့ တစ်ခုခုများတိမ်းပါးသွားတာတို့ ဘာတို့ရှိခဲ့ရင် ကလေး လေးတွေကိုမပစ်ပါနဲ့လို့ ဒီလိုမျိုးကောင်းတဲ့နေရာလေးမှာ သေသေချာချာလေး သူတို့နောက်ဆုံးခရီး။ ကိုယ်တွေနဲ့နေခဲ့တဲ့ နောက်ဆုံးလက်ကျန်လေးအတွက် ဘဝမှတ်တိုင်ရေးစိုက်ထူပေးပါလို့ပြောချင်ပါတယ် "လို့ မမေဖူးကတော့ တိုက်တွန်းသွားပါတယ်။

သူတို့လေးတွေလည်း ငြိမ်းချမ်းစွာ အနားယူလဲလျောင်းနိုင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly