မန္တလေးနှင့် စစ်ကိုင်းတိုင်းများအတွင်း ရင်းနှီးမြှပ်နှံကြရန် ဝန်ကြီးချုပ်များ ဖိတ်ခေါ်

မန္တလေးနှင့် စစ်ကိုင်းတိုင်းများအတွင်း ရင်းနှီးမြှပ်နှံကြရန် ဝန်ကြီးချုပ်များ ဖိတ်ခေါ်

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့သည့် ယင်းတို့၏ တိုင်းများအတွင်း ပြည်ပရင်းနှီးမှုများ ဝင်ရောက်လာရန် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် ကျင်းပသည့် Horasis Asia Meeting အစည်းအဝေးသို့ တက်ရောက်လာသော ဦးဆောင်လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်များတွင်း ကျင်းပသည့် Horasis Asia Meeting အစည်းအဝေးသို့ နိုင်ငံပေါင်း ၆၅ နိုင်ငံမှ လုပ်ငန်းရှင် ၃၅၀ ကျော် တက်ရောက်သည့် အဆိုပါ အစည်းအဝေးတွင် မန္တလေးနှင့် စစ်ကိုင်းတိုင်းများတွင် ရင်းနှီးမြှပ်နှံကြရန် ဝန်ကြီးနှစ်ဦးက ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၆ သန်းကျော်ရှိကာ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် ရင်းနှီးမြှပ်နှံရန် ကောင်းမွန်သည့် မြို့တစ်မြို့ဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ယင်းအပြင် မန္တလေးဒေသသည် ပဲမျိုးစုံ၊ သစ်သီးဝလံနှင့် အသီးအရွက်များ ပေါများစွာ ထွက်ရှိသည့် ဒေသဖြစ်ပြီး ကုန်သွယ်ရေးနှင့် ခရီးသွား လုပ်ငန်းတို့၏ ဆုံမှတ်ဖြစ်သည်ဟုလည်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ကမူ စစ်ကိုင်းတိုင်းသည် ကျောက်မီးသွေး ပေါကြွယ်ဝမှုကြောင့် စွမ်းအင်ကဏ္ဍတွင်လည်းကောင်း၊ ရေအားလျှပ်စစ် ထုတ်လုပ်ရန်လည်းကောင်း အထူးသင့်လျော်ကြောင်း ရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်ခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းသည် သဘာဝ သယံဇာတများနှင့် သစ်တောဧက ၉သန်း၊ စိုက်ပျိုးမြေ ၅ သန်းကျော်နှင့် မြေလွတ်မြေရိုင်း ၄ သန်းကျော် ပိုင်ဆိုင်ထားပြီး အထက်မြန်မာပြည်၏ စပါးကျီဟု ပြောဆိုခဲ့ပြီး ရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ ဒေသတွင်း အလားအလာရှိ ရင်းနှီးမြှပ်နှံမှုများနှင့် စီးပွားရေး အခွင့်အလမ်းများအား စူးစမ်းရှာဖွေ နိုင်ရန် ရည်ရွယ်ချက်ဖြင့် အိန္ဒိယနိုင်ငံ၊ ကာလက္တားမြို့တွင် ကျင်းပခဲ့သည့် Horasis Asia Meeting သို့ တက်ရောက်လာသော နိုင်ငံတကာမှ အမှုဆောင် အရာရှိချုပ်များနှင့် ရင်းနှီးမြှပ်နှံသူများက ဒေါက်တာ ဇော်မြင့်မောင်နှင့် ဒေါက်တာမြင့်နိုင်တို့၏   ဆွေးနွေးတင်ပြချက်များအတွက်   ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ စီးပွားရေး နယ်ပယ်အသီးသီးမှ ထိပ်တန်းလုပ်ငန်းရှင် အချို့လည်း တက်ရောက်ခဲ့ကြသည်။ တက်ရောက်ခဲ့သည့် ပုဂ္ဂိုလ်များထဲတွင် Sandanila Investments ၏ Managing Partner ဒေါ်သီရိသက်မွန်၊ မဇ္ဈိမ မီဒီယာဂရု၏ Editor-In-Chief နှင့် Managing Director ဦးစိုးမြင့်၊ Information Matrix ၏ Managing Director ဖြစ်သူ ဦးသောင်းစုငြိမ်း၊ Parami Energy ၏ Chief Executive Officer ဦးပြည့်ဝထွန်း၊ Mango Group ၏ Founder နှင့် Co-founder ဒေါ်အေးနှင့်ဆွေ၊ Myanmar Innovative Life Sciences ၏ Chief Executive Officer ဦးကျော်ထက်သူနှင့် MaximaxSolution ၏ Chief Executive Officer ဦးသန်းအောင်တို့ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required