အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အန္တရာယ်ရှိဟု မြောက်ကိုရီးယားဝေဖန်

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှု အန္တရာယ်ရှိဟု မြောက်ကိုရီးယားဝေဖန်

ဆိုးလ်၊ တောင်ကိုရီးယား၊ ဒီဇင်ဘာ ၃ ။            ။ အကြီးမားဆုံးသော လေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကြတော့မည့် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့သည် စစ်မီးမွှေးနေကြသူများဖြစ်သည်ဟု မြောက်ကိုရီးယားတို့ဘက်မှ တနင်္ဂနွေနေ့တွင် ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး နျူကလီးယားစစ်ပွဲဖြစ်ပွားသွားနိုင်သည်ဟု သတိပေးပြောဆိုခဲ့သည်။

အိမ်ဖြူတော်၏ အမျိုးသားလုံခြံုရေးအကြံပေး အိတ်ချ်အာမက်မာစတာက ဆင်းရဲမွဲတေပြီး ချွတ်ခြံုကျနေသော် လည်း နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားတို့နှင့် စစ်ဖြစ်ပွားနိုင်သည့် အခြေအနေများ မြင့်တက်လာနိုင်သည်ဟု သတိပေးပြောဆိုခဲ့အပြီးတွင် ပြံုယမ်းတို့ဘက်မှ ယခုလိုမှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

သမ္မတဒေါ်နယ်ထရမ့်ကို လတ်တလောစိန်ခေါ်နေသည့် အမေရိကန်ကုန်းတွင်းပိုင်းအထိရောက်အောင် ပစ်လွှတ်နိုင်သော ပဲ့ထိန်းတပ်ဒုံးပျံကြီးကို မြောက်ကိုရီးယားတို့ဘက်မှ စမ်းသပ်ခဲ့ပြီးနောက် ငါးရက်အကြာတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့က F-22 အမျိုးအစား တိုက်လေယာဉ်ပျံများအပါအဝင် လေယာဉ်ပေါင်း ၂၃၀ ခန့်ဖြင့် ငါးရက်တာစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့တွင်စတင်သွားနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းသို့စစ်ရေးလေ့ကျင့်မည့်အစီအစဉ်ကို မြောက်ကိုရီးယားတို့၏ Rodong သတင်းစာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

“ဒါဟာ မြောက်ကိုရီးယားနိုင်ငံကို ရန်စနေတဲ့လုပ်ရပ်ပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ အချိန်မရွေး နျူကလီးယား စစ်ပွဲကို ဖြစ်ပွားသွားစေနိုင်ပါတယ်” ဟု ယင်းသတင်းစာ၏ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော အယ်ဒီတာ့ အာဘော်၌ ဖော်ပြထားသည်။

“မြောက်ကိုရီးယားနိုင်ငံကိုပစ်မှတ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခြင်းဟာ ရူးနှမ်းမှုတစ်ခုဖြစ်ပြီး မိမိ ကိုယ်မိမိ ဖျက်ဆီးလိုက်ခြင်းဖြစ်တယ်ဆိုတာကို အမေရိကန်စစ်ဘီလူးနဲ့ ရုပ်သေးရုပ်ဖြစ်တဲ့ တောင်ကိုရီးယားတို့ နားလည်ထားဖို့လိုအပ်ပါတယ်” ဟု အယ်ဒီတာအာဘော်၌ ဖော်ပြထားသည်။

ထရမ့်အစိုးရအဖွဲ့သည် နျူကလီးယားစစ်ပွဲဖြစ်လာအောင် တောင်းဆိုနေသည်ဟု ပြံုယမ်းအစိုးရ၏ နိုင်ငံခြား ရေးရာဝန်ကြီးဌာနက စွပ်စွဲပြောဆိုခဲ့ပြီး လေကြောင်းစစ်ရေးလေ့ကျင့်မှုသည် အဆင်အခြင်မဲ့လုပ်ရပ်ဖြစ်သည် ဟု မှတ်ချက်ပေးခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယခုလို မြောက်ကိုရီးယားသတင်းစာများက ဖော်ပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required