မန်ယူကိုရှုံးခဲ့သည့်အတွက် အာစင်ဝင်းဂါးစိတ်ပျက်၊ ၎င်းတို့အသင်း အနိုင်နှင့်ထိုက်တန်သည်ဟု မော်ရင်ဟိုဆို

မန်ယူကိုရှုံးခဲ့သည့်အတွက် အာစင်ဝင်းဂါးစိတ်ပျက်၊ ၎င်းတို့အသင်း အနိုင်နှင့်ထိုက်တန်သည်ဟု မော်ရင်ဟိုဆို

ဒီဇင်ဘာ ၃၊ အင်္ဂလန် ။            ။ အမ်းမရိတ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အာဆင်နယ်နှင့်မန်ယူတို့၏ပွဲစဉ်တွင် မန်ယူအသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။ မန်ယူအသင်းအတွက် အနိုင်ဂိုးများကို ဗလင်စီယာက တစ်ဂိုး၊ လင်ဂတ်က နှစ်ဂိုးသွင်းယူခဲ့ပြီး လာကာဇက်တီက အာဆင်နယ်အတွက် ချေပဂိုးပြန်သွင်းပေးခဲ့သည်။

ထိုပွဲအပြီးတွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ရလဒ်ပိုင်းအတွက် စိတ်ပျက်လျက်ရှိနေပြီး ပွဲချိန် ၁၀ မိနစ်အတွင်း ၂ ဂိုးပေးခဲ့ရသည့် ခံစစ်ပိုင်းအားနည်းမှုကို ပြစ်တင်သွားခဲ့သည်။

“အသင်းရဲ့ကစားပုံကကောင်းပါတယ်။ စိတ်ဓာတ်ပိုင်းကလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အစမကောင်းခဲ့ပါဘူး။ ပြီးတော့ အမှားတွေကနေ ပြန်လာနိုင်လောက်အောင်လည်း ကောင်းမွန်ခြင်း မရှိခဲ့ပါဘူး။ အခက်အခဲဖြစ်အောင် ကိုယ့်ဘာသာကိုယ်လုပ်ခဲ့ကြပါတယ်။ ဒီနေ့ပွဲရလဒ်အတွက် စိတ်ပျက်မိပါတယ်” ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုပွဲတွင် မန်ယူအသင်းဂိုးပေါက်ကို ၃၃ ကြိမ်အထိ ကန်သွင်းနိုင်ခဲ့သော်လည်း တစ်ဂိုးသာ သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအနည်းပြမော်ရင်ဟိုကတော့ မန်ယူအသင်း၏ အနိုင်မှာ ထိုက်တန်မှုရှိကြောင်း ဆိုသည်။ “အသင်းရဲ့ဒီလိုကစားပုံနဲ့ အနိုင်ရလိုစိတ်ကိုတော့ ကြိုက်ပါတယ်။ အာဆင်နယ်အသင်းက အံ့အားသင့်စရာကောင်းတဲ့ တိုက်စစ်ပုံစံနဲ့ကစားနိုင်ခဲ့ပြီး ကျွန်တော်တို့ကို ဒုက္ခတွေ့စေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အသင်းဟာ အနိုင်နဲ့ထိုက်တန်ပါတယ်။ အင်္ဂလိပ်လိုဆိုရင် အံ့သြစရာကောင်းတယ်လို့ ပြောရမလား။ ထူးခြားတဲ့စွမ်းဆောင်မှုလို့ပြောရမလား ဒါမှဟုတ် အလွန်ကောင်းတယ်ပဲ ပြောရမလား။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကစားသမားတွေက အနိုင်သုံးမှတ်နဲ့ထိုက်တန်ပါတယ်” ဟု မော်ရင်ဟိုကဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly