အိန္ဒိယ- မြန်မာ စျေးရောင်းပွဲတော်ကနေ ရရှိတဲ့ ရန်ပုံငွေတစ်ချို့ကို ရခိုင်ပြည်နယ်သို့ လှူဒါန်းမည်

အိန္ဒိယ- မြန်မာ စျေးရောင်းပွဲတော်ကနေ ရရှိတဲ့ ရန်ပုံငွေတစ်ချို့ကို ရခိုင်ပြည်နယ်သို့ လှူဒါန်းမည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၂ ။            ။ အိန္ဒိယ- မြန်မာ စျေးရောင်းပွဲတော်မှ ရရှိသည့် ရန်ပုံငွေတစ်ချို့တစ်ဝက်အား ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်သို့ လှူဒါန်းသွားမည်ဟု အိန္ဒိယသံအမတ် Vikram Misri က ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ သံတမန်လမ်းရှိ ၄င်း၏နေအိမ်တွင် ပြုလုပ်သည့် စျေးရောင်းပွဲတော်တွင် ပြောဆိုလိုက်သည်။

ယင်း စျေးရောင်းပွဲတော်မှ ရရှိသည့် ရန်ပုံငွေတစ်ချို့တစ်ဝက်ကို ဒေါ်ခင်ကြည်ဖောင်ဒေရှင်းသို့ လှူဒါန်းသွားမည် ဖြစ်ကာ တစ်ချို့တစ်ဝက်ကို ရခိုင်ပြည်နယ်သို့ လှူဒါန်းသွားမည်ဟု ၄င်းက ပြောသည်။

အိန္ဒိယ- မြန်မာ စျေးရောင်းပွဲတော်၌ အိန္ဒိယအစားအစာများ ၊ အသုံးအဆောင်ပစ္စည်းများအပြင် မြန်မာရိုးရာ ချည်ထည်များ အထိမ်းအမှတ် ပစ္စည်းများ ရောင်းချပေးနေသည်ဟု အိန္ဒိယအမျိုးသမီးအစည်းအရုံး ဥက္ကဌ  Dolly Misri က မဇ္စျိမသို့ ပြောသည်။

ယခု ကျင်းပနေသည့် စျေးရောင်းပွဲတော်မှ တဆင့် အိန္ဒိယ - မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး ကြီးထွားလာခြင်းကို ဖော်ပြရာ ရောက်နေသည်ဟု အိန္ဒိယသံအမတ်ကတော်ဖြစ်သူ ၊ အိန္ဒိယအမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ  Dolly Misri က မဇ္စျိမသို့ ဆိုသည်။

အိန္ဒိယ - မြန်မာ စျေးရောင်းပွဲတော်၌ ဆိုင်ခန်းများ ၄၀ ကျော် ခင်းကျင်းရောင်းချနေပြီး မြန်မာ အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာတက္ကသိုလ်မှလည်း မြန်မာအကများဖြင့် တင်ဆက်ကပြခဲ့သည်။

စျေးရောင်းပွဲတော်တွင် အိန္ဒိယအစားအစာများအပြင် အရောင်အသွေးစုံစုံနှင့် နှစ်သက်ဖွယ်ရာကောင်းသော လက်မှုပစ္စည်းများကို ပြသရောင်းချခဲ့ပြီး နိုင်ငံခြားခရီးစဉ် လေယာဉ်လက်မှတ်၊ ဟိုတယ်တွင် အခမဲ့ နေထိုင်ခွင့်၊ ကျောက်မျက်ရတနာ၊ အပျော်စီးသင်္ဘောစီးခွင့် အစရှိသော ကံစမ်းမဲကူပွန်များကို မဲနှိုက်ရွေးချယ်ခြင်းနှင့် ပျော်ပွဲရွှင်ပွဲ အစီအစဉ်များလည်း ပါ၀င်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly