လွတ်လွတ်လပ်လပ် ဝေဖန်ချင်လို့ ၈၈ မှ နှုတ်ထွက်ခဲ့တဲ့ ကိုမြအေး

လွတ်လွတ်လပ်လပ် ဝေဖန်ချင်လို့ ၈၈ မှ နှုတ်ထွက်ခဲ့တဲ့ ကိုမြအေး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ၈၈ ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ကနေ နိုဝင်ဘာ ၂၉ ရက်နေ့မှာ နှုတ်ထွက်လိုက်ပါတယ်။ ၈၈ အဖွဲ့အစည်းထဲကနေ ဘာကြောင့် ကိုမြအေး နှုတ်ထွက်သွားတာလဲ။ သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ဘယ်လိုဆက်လုပ်သွားမှာလဲ စတာတွေကို မဇ္စျိမသတင်းထောက် ဇေယျာမော်က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။    ။ ၈၈ က နှုတ်ထွက်တယ်လို့ သိရတယ်။ ဆိုတော့ ဘာကြောင့်နှုတ်ထွက်လိုက်တာလဲ။

ဖြေ။       ။ တော်တော်များများက ပြောကြတယ်။ နှုတ်ထွက်လိုက်တယ်ဆိုတာကလည်း သဘောထားတွေ ကြီးကြီးကျယ်ကျယ် ကွဲလို့တို့ စကားတွေ များကြလို့တို့ အဲ့ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။ နှုတ်ထွက်ဖို့ ကျွန်တော် စဉ်းစားတဲ့အကြောင်းရင်းက တစ်ချို့ဟာတွေက ကျွန်တော် လွတ်လွတ်လပ်လပ် သဘောထားလေးတွေ ပြောချင်တာရှိတယ်။ နောက်တစ်ခု ၈၈ ငြိမ်း/ပွင့် ကလည်း မှတ်ပုံတင်တော့မှာလေ။ ကျွန်တော်ဘက်ကလည်း ဒီဘက်မှာ လုပ်ဖို့ကိုင်ဖို့ အခက်အခဲတစ်ချို့ရှိမယ်လို့ ယူဆထားတယ်လေ။ အဲ့ဒါကြောင့် အေးအေးဆေးဆေး ၈၈ အဖွဲ့မှာ တာဝန်ယူထားတဲ့အလုပ်တွေကနေ အနားယူလိုက်တာ ၊ နှုတ်ထွက်လိုက်တာဖြစ်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ၈၈ အဖွဲ့ကနေ နှုတ်ထွက်တာပါ၊ နိုင်ငံရေးလောကကနေ ထွက်သွားတာ မဟုတ်ဘူး။ ကြီးမားတဲ့သဘောထားကွဲလွဲမှုတွေ မရှိပါဘူး။

မေး။    ။ ၈၈ က အနားမယူခင် ကိုမင်းကိုနိုင်နဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ကြားတယ်။ ဆိုတော့ ဘာတွေဆွေးနွေးဖြစ်ခဲ့လဲ။

ဖြေ။       ။ အဓိက ဒီလိုနှုတ်ထွက်မယ်ဆို သူလည်း ဘယ်စိတ်ကောင်းမလဲ။ ကိုယ်လည်း ဘယ်စိတ်ကောင်းမလဲ။ ကျွန်တော်တို့က နှစ်ရှည်လများ လက်တွဲလုပ်ကိုင်လာခဲ့ကြတဲ့သူတွေလည်း ဖြစ်တယ်။ ၈၈ အဖွဲ့ထဲမှာက ကျွန်တော်တို့ ချင်းက တည်ဆောက်ခဲ့ကြတဲ့ သူတွေလည်း ဖြစ်ကြတယ်ဗျာ။ အခု စကားပြောကြတယ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းကြတာပါ။ ညှိနှိုင်းတဲ့အခါမှာလဲ အေးအေးဆေးဆေးပါ။ ကျွန်တော်တို့က ဘာမှ ပြဿနာမှ မရှိတာ၊ တိတိပပ ပြောရမယ်ဆိုရင် ကျွန်တော်က ငြိမ်းပွင့်ကနေ ထွက်လာတာပဲ ဖြစ်တယ်။ ကိုမင်းကိုနိုင်နဲ့ ကျွန်တော်နဲ့ တိုက်ရိုက် အချိတ်အဆက် စကားအပြောအဆို ရှိတယ်။ ဘာ ပြဿနာမှ မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက် မတွေ့နိုင်အောင် စကားမပြောနိုင်အောင် ဆိုတာမျိုး မရှိဘူး။ အဲ့ဒါကို နားလည်ထားဖို့လိုမယ်။

မေး။    ။ ဦးကိုကိုကြီးတို့ ထောင်မယ့် ပါတီမှာလည်း ဆက်မလုပ်တော့ဘူးလို့ ကြားတယ်။ ဆိုတော့ နိုင်ငံရေးကို ဘယ်လို ဆက်လုပ်သွားမလဲ။

ဖြေ။       ။ ဟုတ်တယ်ဗျ။ တော်တော်များများက ဒါကိုမေးကြတယ်။ ဒီကထွက်ပြီးရင် နိုင်ငံရေးပါတီ တစ်ခုခုထဲကို ၀င်မလားဆိုပြီး မေးတယ်။ မဟုတ်ဘူးခင်ဗျ နိုင်ငံရေးပါတီ လုပ်မယ့်သူတွေနဲ့လည်း ကျွန်တော် တွေ့တာပဲလေ၊ ၈၈ မျိုးဆက်က ကျယ်ဝန်းပါတယ်၊ တော်တော်များများက ကျွန်တော်တို့ကိုပဲ မြင်တာပေါ့ဗျာ။ တကယ်တမ်းက နိုင်ငံရေးရဲ့ သဘာဝက တစ်ယောက်တည်း လုပ်လို့မရဘူး။ စုပေါင်းပြီးမှ လုပ်ရမယ့်အရာဖြစ်တယ်။ တစ်ယောက်တည်း လုပ်ရတဲ့ နိုင်ငံရေး ဆိုတာ မရှိဘူး၊ ခက်လဲခက်တယ်။ အဲ့တော့ စုပေါင်းလုပ်ရမယ့်အရာဖြစ်တော့ ကိုယ်နဲ့ သဘောထားတိုက်ဆိုင်တဲ့ သူတွေနဲ့ ဆွေးနွေးပြောဆိုထားတာတွေရှိတယ်။ အဓိကအားဖြင့် လုပ်ငန်းစဉ်ပိုင်းကို ပြောချင်တယ်။ နံပါတ်တစ်က ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆက်လုပ်သွားမယ်။ နံပါတ်နှစ် က ကွဲပြားတဲ့ လူအဖွဲ့အစည်းတွေကြားထဲ သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုကိုတည်ဆောက်သွားချင်တယ်။ နံပါတ်သုံး ကတော့ Issues တွေ Rights တွေ လူ့အခွင့်အရေးလို ကိစ္စ ၊ လယ်သမားအရေးကိစ္စ၊ အလုပ်သမားအရေးကိစ္စ အခွင့်အရေးတွေ ဆုံးရှုံးနေတဲ့ ကိစ္စတွေကို ကျွန်တော်နဲ့ စိတ်တူကိုယ်တူ လွတ်လွတ်လပ်လပ် ဖြစ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ နာမည်တွေတော့မပြောချင်ပါဘူး၊ အဲ့ဒီလူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆက်လုပ်သွားမယ်။ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ချင်ဖြစ်သွားနိုင်မယ်။

မေး။    ။ ကိုမြအေး ဆိုလိုတာက သဘောထားညီတဲ့ နိုင်ငံရေးအင်အားစုနဲ့ ချိတ်ဆက်မိသွားပြီပေါ့၊ အဲ့အဖွဲ့အစည်းကို ထုတ်မပြောချင်ဘူးဆိုတဲ့ သဘောလား။

ဖြေ။       ။ အဖွဲ့အစည်းမဟုတ်ပါဘူး ။ လူပုဂ္ဂိုလ်တွေပါ။ တော်တော်များများက အဖွဲ့အစည်းတစ်ခုရှိမှ အဆင်ပြေမယ် ထင်ကြတယ်။ ကျွန်တော်တို့ ပုဂ္ဂိုလ်တွေအကုန်လုံး အချိတ်အဆက်ရှိတယ်ဆိုရင် ဒါ အဖွဲ့အစည်းပဲ၊ အဖွဲ့အစည်းတစ်ခုလဲ ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာတော့ ဘာမှမပြောသေးဘူးဆိုတာက ဘာမှမဖြစ်သေးလို့ မပြောသေးတာ အဲ့ဒါ ဆက်လုပ်သွားဖို့ ရှိတယ်။ လူသိများတဲ့ နိုင်ငံရေးမျိုးကို ရှောင်ချင်တယ်။ Principle (စည်းမျဉ်းစည်းကမ်း ) ကိုရှေ့တန်း တင်ချင်တယ်။ Principle ပေါ်မှာ သွားတဲ့ နိုင်ငံရေးမျိုးကို ကျွန်တော်လုပ်ချင်တယ်။ ဒါ ကျွန်တော်ရဲ့ ဆန္ဒပါ၊ နိုင်ငံရေးပါတီလား ဆိုတော့ မဟုတ်ဘူး၊ နိုင်ငံရေးပါတီက ကျယ်ဝန်းတယ်၊ ဆိုလိုတာက နိုင်ငံရေးပါတီလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ စီးပွားရေးကို ဘယ်လိုထူထောင်မှာလဲ၊ ကျန်းမာရေးပေါ်လစီက ဘာလဲ၊ ပညာရေးပေါ်လစီက ဘာလဲ ဆိုတာတွေကို ကြိုတင်စဉ်းစားရတယ် ။ အဲ့ဒါတွေမရှိဘဲနဲ့ နိုင်ငံရေးပါတီသွားလို့မရဘူး။ ဒီပေါ်လစီတွေ ညှိနှိုင်းဖို့ဆိုတာ ကျွန်တော်တို့မှာ ကျန်သေးတယ်။ ကျန်သေးတာကြောင့် နိုင်ငံရေးပါတီမှာ မပါဘူးလို့ပြောတာဖြစ်တယ်။ ထိစပ်တာတော့ အကုန်လုံးနဲ့ ထိစပ်နေမှာပဲ။

မေး။    ။ Principle ကို ဦးစားပေးသွားမယ်လို့ပြောတော့ မြန်မာ့နိုင်ငံရေးမှာ အောင်မြင်ပါ့မလား။ မြန်မာ့နိုင်ငံရေးက ပုဂ္ဂိုလ်စွဲ တအားကြီးတယ်ဆိုတယ် အဆင်ပြေပါ့မလား။

ဖြေ။       ။ ဟုတ်တယ်၊ မလွယ်ဘူး ခက်ခဲလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောင်းရတော့မယ်။ ပြောင်းရမယ်ဆိုတော့ ကျွန်တော်စဉ်းစားတာပေါ့၊ ဥပမာအားဖြင့် လူသိများလာတယ်ဗျာ။ ဒါပေမယ့် တိုင်းပြည်ရဲ့အခြေအနေကြီးက အရွေ့လဲမရှိဘူး။ ဆိုလို့ရှိရင် ကျွန်တော့်တစ်ယောက်ထဲရဲ့အမြင် ကိုယ့်ဟာကိုယ်ပြန်သုံးသပ်လာတယ်၊ ကိုယ် ဘာလုပ်မလဲပေါ့၊ ဘယ်လောက်ထိအရွေ့တွေကို လုပ်ခဲ့ပြီးပြီလဲ။ အမှန်အတိုင်းပြောရရင် ကိုယ့်ဟာကိုယ် အားမလို အားမရလည်း ဖြစ်တယ်။ တခြားသူတွေနဲ့ အမြင်တူချင်မှတူလိမ့်မယ်။ ဒါတော့ ကျွန်တော်မတတ်နိုင်ဘူး။ Principle ပေါ်မှာပေါ့ဗျာ ။ သေချာလေးစားလိုက်နာမှုမရှိတဲ့ နိုင်ငံရေးမျိုးနဲ့ နိုင်ငံတည်ဆောက်ရင် အရမ်းကွဲပြားတယ်ဆိုတာ သိလာတယ်။ နိုင်ငံတကာမှာက System ထဲကို လူတွေအကုန်လုံးက ရောက်သွားတာ၊ ရောက်သွားတဲ့အခါမှာ သူတို့ရဲ့ပြောင်းလဲမှုက အရမ်းမြန်သွားတယ်။ ကျွန်တော်တို့ဆီမှာက System ထဲကိုမရောက်နိုင်ဘူး။ အခုထက်ထိကို ပုဂ္ဂိုလ်ခင်ရင် တရားမင်တယ်ဆိုတဲ့ အတွေးတွေက ရှိတုန်းပဲ။ လူမုန်းရင် မူကိုသုံးတယ်ဆိုတာ ရှိတုန်းပဲ။ ဒါကြီးကိုပြောင်းဖို့ဆိုတာက ခက်ပါတယ်။ ကျွန်တော်လဲ တစ်ယောက်ထဲပြောင်းလို့မရပါဘူး။ အဲ့ဒါတွေကို တစ်စိတ်တပိုင်း အရ လေးစားတတ်လာအောင် လုပ်မယ်ဆိုရင်တော့ ဖြစ်မယ်ထင်ပါတယ်။

မေး။    ။ ပါတီလမ်းကြောင်းလဲမပါတော့ဘူး၊ ၈၈ ကလဲ နှုတ်ထွက်လိုက်ပြီဆိုတော့ အစိုးရကိုရော လွတ်လွတ်လပ်လပ် ဝေဖန်ထောက်ပြနိုင်ပြီလား။

ဖြေ။       ။ ဝေဖန်ထောက်ပြရလိမ့်မယ်၊ ထောက်ပြရမယ်ဆိုတာက ကျွန်တော်က အရင်ကတည်းက ဝေဖန်ထောက်ပြ ပါတယ်။ တော်တော်များများက ဒီမှာဖြစ်နေတာက နှစ်ဖက်အစွန်းထွက်နေတယ်၊ ဝေဖန်လိုက်တာနဲ့ ၀ိုင်းပြီးတော့မှ ဆဲမယ်။ အဲ့လိုဆဲတော့ ဝေဖန်တဲ့သူတွေ မပြောတော့ဘူး တုံ့ဆိုင်းသွားပြီ။ ဒါ သူရဲ့ ဒီမိုကရေစီ အခွင့်အရေးကို သွယ်ဝိုက်ပြီး ပိတ်ပင်လိုက်တာ၊ ဥပမာအားဖြင့် လမ်းဘေးမှာ ရောင်းတဲ့စျေးသည်ပဲ ဖြစ်ဖြစ် သူ့ရဲ့ ဘဝအခက်အခဲကို ထုတ်ဖော်ပိုင်ခွင့်ရှိတယ်။ အဲ့လိုဝေဖန်ရင်ဆဲလိုက်တယ်၊ အဲ့လိုဆဲတော့ ပြောတဲ့သူရဲ့ ပါးစပ်က ပိတ်သွားရော။ အဲ့ဒါကျတော့ ဘယ်လိုလုပ် ဒီမိုကရေစီရှင်သန်မလဲ။ နောက်တစ်ခုက ဝေဖန်သူများဘက်ကလဲ NLD ဘာမှားမလဲဆိုတာ ကြည့်တာ "ဟာ မင်းတို့ ဒီနေရာမှားနေပြီ ငါပဲ လုပ်တတ်တယ် ၊ ငါပဲကောင်းတယ်" ဆိုနဲ့ ဝေဖန်တာ ရည်ရွယ်ချက်မကောင်းဘူး။ အဲ့လိုမဖြစ်သင့်ဘူးလို့ ကျွန်တော်မြင်တယ်လေ။ နံပါတ်တစ် ကျွန်တော်ပြောချင်တာက NLD ဟာ ကျွန်တော်တို့ရဲ့ မဟာမိတ်ဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်ကျော်မှ လူထုရွေးကောက်တင်မြှောက်တဲ့အစိုးရတစ်ရပ်ကို ကျွန်တော်တို့ အများကြီးပေးဆပ်ပြီးမှရလာတာလေ။ ကျွန်တော်တို့ တန်ဖိုးထားရမယ်၊ မဟာမိတ်ဖြစ်တယ် သို့သော် မဟာမိတ်ဖြစ်တယ်ဆိုပြီးတော့မှ ဘာမှမဝေဖန်ဘဲ မပြောဘဲလွှတ်ထားချင်းဟာ ရဲဘော်ရဲဘက်စိတ် မကျေတာပဲ၊ ပြောပြရမယ်။ မဟာမိတ်ဆိုပြီး မဟာမိတ်လုပ်သမျှ ထိုင်စောင့်နေမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရေးက ဘာအဓိပ္ပါယ်မှ မရှိတော့ဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly