ကျောက်မီးသွေးတွင်း လေပိုက်ပေါက်ရာမှ သေဆုံးခဲ့သော လုပ်သား ရ ဦးအတွက် လျော်ကြေးပေးအပ်

ကျောက်မီးသွေးတွင်း လေပိုက်ပေါက်ရာမှ သေဆုံးခဲ့သော လုပ်သား ရ ဦးအတွက် လျော်ကြေးပေးအပ်

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် ကျောက်တစ်လုံးမြေနီကွင်းရှိ ကျောက်မီးသွေးတွင်းတွင် ပေးပို့သည့် လေပိုက်ပွင့်ထွက်ကာ ကျောက်မီးသွေးတွင်းပြိုကျပြီး သေဆုံးခဲ့သည့် လုပ်သား(၇)ဦးအတွက် အလုပ်သမားလျော်ကြေးငွေနှင့် အလုပ်ရှင်မှ လူမှုဂရုဏာကြေးထောက်ပံ့ငွေများ ကျန်ရစ်သူ မိသားစုအား နိဝင်ဘာ ၃၀ရက်နေ့က ပေးအပ်ခဲ့သည်။

မင်းဘူးမြို့နယ် အလုပ်သမားစီစစ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် သေဆုံးသူတစ်ဦးလျှင် ကျပ်လေးသိန်းငါး သောင်းကျပ်၊ ဟန်ထက်ကုမ္ပဏီမှ လူမှုဂရုဏာကြေးထောက်ပံ့ငွေတစ်ဦးလျှင် ကျပ်သိန်း ရ၀ ဖြင့် သိန်း ၄၉၀ ကျပ် ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ်၊ အလုပ်သမားလျော်ကြေးစီစစ်ရေးကော်မတီထံက သိရသည်။

“ အခုလို အလုပ်သမားတွေ သေဆုံးသွားတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်။ ကျန်ရစ်ခဲ့တဲ့ မိသားစုကိုလည်း စာနာမိပါတယ်။ ဒါကြောင့် အလုပ်သမားအခွင့်အရေး အပြည့်အဝကို   မြန်မြန်ဆန်ဆန်ရအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်ပေးခဲ့ပါတယ်” ဟု မင်းဘူးမြို့နယ်၊ အလုပ်သမားလျော်ကြေးစိစစ်ရေး ကော်မတီအတွင်းရေးမှူး ဦးသက်နိင်စိုးက မဇ္ဈိမသို့ ပြောသည်။

နိဝင်ဘာ ၂၇ ရက်နေ့က မင်းဘူး/စကုမြို့နယ် ကျောက်တစ်လုံးမြေနီကွင်းရှိ ဟန်ထက်ကုမ္ပဏီပိုင် ကျောက်မီးသွေးတွင်းတွင် အောက်ဆီဂျင်ပေးပို့သည့် လေပိုက်ပွင့်ထွက်ကာ ကျောက်မီးသွေးတွင်းပြိုကျပြီး တရုတ်လူမျိုး တစ်ဦးနှင့်မြန်မာလုပ်သား(၇)ဦး စုစုပေါင်း(၈)ဦး သေဆုံးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဟန်ထက်ကုမ္ပဏီပိုင်ရှင် ဦးချစ်ဟန် ၃၈နှစ်၊ ကျောက်မဲမြို့နှင့် လုပ်ငန်းတာဝန်ခံ ဦးအောင်ကျော်လင်း ၃၉နှစ် ၊ စစ်ကိုင်းတိုင်း မြောင်မြို့ နေသူတို့အား နိဝင်ဘာ ၂၉ရက်နေ့က မင်းဘူး/စကု မြို့နယ် စကုနယ်မြေရဲစခန်းမှ (ပ)၂၁၈/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၃၀၄ဖြင့် အမှုဖွင့် စစ်ဆေးလျှက်ရှိကာ နိုဝင်ဘာ ၂၉ရက်နေ့က သတ္ထုတွင်းဝန်ကြီးဌာနမှ ဟန်ထက် ကုမ္ပဏီပိုင်ကျောက်မီးသွေးတူးဖော်ရေးလုပ်ငန်းအား အပြီးပိတ်သိမ်းလိုက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly