ကင်ဆာရောဂါခံစားနေရသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစန်းဇော်ထွေးရဲ့ ပန်းချီကားအရောင်းပြပွဲ

ကင်ဆာရောဂါခံစားနေရသော နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစန်းဇော်ထွေးရဲ့ ပန်းချီကားအရောင်းပြပွဲ

အသည်းကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ နိုင်ငံ ရေးအကျဉ်းသားဟောင်း ပန်းချီဆရာ ကိုစန်းဇော်ထွေးရဲ့ ပန်းချီကားတွေ ပြသထားတဲ့ ပန်းချီအရောင်းပြခန်းကို ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ် ပြသနေပါတယ်။

ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမှာရှိတဲ့  Pansodan Scene Gallery မှာ ကိုစန်းဇော်ထွေးရဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်း မိတ်ဆွေတွေရယ်၊ ပန်းချီဆရာတွေရယ် စုပေါင်းပြီး ကိုစန်းဇော်ထွေးရဲ့ ကျန်းမာရေးရံပုံငွေ အတွက် ဒီကနေ့က စပြီး ဖွင့်လှစ်ရောင်းချပေးနေတာပါ။

ဒီပန်းချီပြခန်းမှာ အနုပညာလောကမှာ Recycled Art လို့ခေါ်တဲ့ စွန့်ပစ်ပစ္စည်းများနဲ့ အနုပညာပစ္စည်း တွေ ဖန်တီးမှုနဲ့ နာမည်ရခဲ့တဲ့ ကိုစန်းဇော်ထွေးရဲ့ အကျဉ်းထောင်အတွင်းက သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေအပါအဝင် ပန်းချီကား ၃၀ ကျော်နဲ့ ပန်းချီဆရာ ၁၆ ယောက်ရဲ့ လက်ရာတွေ အပါ အဝင် ၊ ပန်းချီကား ၁၀၀ ကျော် ကို ခင်းကျင်းရောင်း ချနေပါတယ်။

" ကင်ဆာဝေဒနာဆိုတာကတော့ တော်တော် ရုန်းကန်ရတဲ့ ဝေဒနာပါ၊ ငွေရေးကြေးရေးရော၊ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာရော အများကြီးရုန်းကန် ရတဲ့ဝေဒနာဖြစ်တဲ့အတွက် သူ့အတွက် တစုံတရာ အထောက်အပံ့ ဖြစ်အောင် ဒီပွဲလေး ကျင်းပ ဖြစ် တာပါ" ဟု ပြပွဲကို စီစဉ်ကျင်းပသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဇော်က မဇ္ဈိမသို့ ပြောပါတယ်။

ကိုစန်းဇော်ထွေးဟာ အကျဉ်းထောင်အတွင်း နေ ထိုင်ရစဉ်ကာလတွေမှာ ရသမျှစွန့်ပစ်ပစ္စည်းတွေနဲ့ ပန်းချီကားတွေကို ဖန်တီးတတ်ပြီး၊ အဲဒီပန်းချီကား တွေက အထူးနာမည်ကြီးလှပါတယ်၊ ပြည်တွင်း ပန်းချီစျေးကွက်မှာသာမက နိုင်ငံခြားသားတွေကလည်း အမြတ်တနိုးဝယ်ယူအားပေးမှုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ပန်းချီဆရာ ကိုစန်း ဇော်ထွေးဟာ နိုဝင်ဘာ ၁၁ ရက်နေ့က မြောက်ဒဂုံ၊ ပင်လုံပုဂ္ဂလိကဆေးရုံမှာ အသည်းကင်ဆာရောဂါနဲ့ ဆေးဝါးကုသနေရတာ ၃ ပတ်ကြာသွားပြီ ဖြစ်ပါ တယ်။

ပန်းချီဆိုသည်မှာ စုတ်တံနှင့်ဆွဲမှ မဟုတ်ဘဲ ကိုစန်း ဇော်ထွေးကဲ့သို့ Recycled Art ဟာ ခေါ်သည့် စွန့်ပစ်ပစ္စည်းများနှင့် အနုပညာ ပစ္စည်းဖန်တီးမှုဖြင့် ဖန်တီးသည့် အနုပညာလက်ရာများသည်လည်း ခေတ်ပြိုင်ပန်းချီခေါင်းစဉ်အောက်တွင် အကြုံးဝင်တယ်လို့  ပန်းချီဆရာ ရီနန်းသိုက်က ပြောပါတယ်။

" အခုနောက်ပိုင်း ခေတ်ပြိုင်ပန်းချီမှာတော့ အမျိုးမျိုး ပေါ့၊ ပန်းချီဆိုတဲ့ခေါင်းစဉ်အောက်မှာ အများကြီး ပါဝင် သွားပြီ၊ အဲဒီလို စွန့်ပစ်ပစ္စည်းတွေနဲ့ ကပ်တာ တွေ ပန်းချီပိတ်စမှာ အမျိုးမျိုးပေါ့၊ စုတ်တံနဲ့ဆွဲမှ တော့ မဟုတ်ဘူးပေါ့၊ ခေါင်းစဉ်တွေအောက်မှာ တော့ ခေတ်ပြိုင်ပန်းချီက တော်တော်ကျယ်ပြန့် သွားပါပြီ" လို့ ပန်းချီဆရာ ရီနန်းသိုက်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း၊ ပန်းချီဆရာ ကိုစန်း ဇော်ထွေးသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလများတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ကို ဝင်ရောက်၊ ဝန်းရံခဲ့သည့်အပြင် ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းနှင့် ကျောင်း သားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့ ပြီး၊ အကျဉ်းထောင်တွင်း နှစ်ရှည်လများ အထိမ်း သိမ်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒီပွဲကို ဒီဇင်ဘာလ ၁ ရက်ကနေ ၃ ရက်အထိ ပန်းဆိုးတန်း Scenes မှာ ပြသနေတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required