ကျုးကျော်များအတွက် ဧကသုံးထောင်လျာထားချက် လွှတ်တော်၌ ရှင်းပြခြင်းမရှိသေး

ကျုးကျော်များအတွက် ဧကသုံးထောင်လျာထားချက် လွှတ်တော်၌ ရှင်းပြခြင်းမရှိသေး
လှည်းကူးမြို့နယ်ရှိ ကျုးကျော်များကို ဖျက်သိမ်းခဲ့စဉ်က တွေ့ရစဉ်။
 

ရန်ကုန်၊ ဒီဇင်ဘာ ၁ ။            ။ ကျုးကျော်များကို တွံတေးမြို့နယ်တွင် နေရာချထားပေးရန် ဧက(၃၀၀၀)နီးပါး လျာထားသည်ကိုသိရပြီး ကျန်သည့် အချက်အလက်များကို လွှတ်တော်တွင်ဖြေကြားပေးခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဦးက ပြောသည်။

အဆိုပါ ကျုးကျော်များကို တွံတေးမြို့တွင်နေရာချထားမည့်ကိစ္စကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအား လွှတ်တော်တွင်မေးမြန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကိုယ်တိုင် ရှင်းလင်းပြောကြားမည်ဟု ဖြေကြားခဲ့ဖူးကြောင်း ဦးကျော်ဇင်ဦးမှ ဆိုသည်။

“ကျွန်တော်သိတာတော့ သူတို့တိုက်ခန်းတွေဆောက်ပြီးတော့ပဲ ဘယ်လိုပေးမလဲကတော့ လွှတ်တော်ကိုလည်းလာမရှင်းပြသေးဘူးဗျ ။ အစိုးရအဖွဲ့ကလျာထားတာပဲရှိတယ်လေ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ချုပ်ဦးမြင့်နိုင်က သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးနှင့်သာသက်ဆိုင်ပြီး ဖုန်းဖြင့်ဖြေကြားမပေးနိုင်ကြောင်း ပြောခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဦးက  “အုပ်ချုပ်ရေးကလုပ်နေတဲ့ပုံစံက ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာလွှတ်တော်ကဏ္ဍကို မထီမဲ့မြင်ပြုတဲ့ပုံစံမျိုးတွေဖြစ်နေတယ် ။ သူလုပ်ချင်တာတွေလုပ်နေပြီးတော့ လွှတ်တော်ကိုသေချာလည်းမရှင်းပြတော့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက သက်ဆိုင်ရာနယ်မြေဆင်းတဲ့အခါတို့ ပြည်သူနဲ့တွေ့တဲ့အခါကျတော့ အစိုးရအပေါ်ရော ကိုယ်စားလှယ်အပေါ်မှာပါ အထင်မြင်လွဲမှားမှုတွေဖြစ်စေနိုင်တယ်”ဟု ပြောသည်။

သို့သော် တွံတေးမြို့တွင် ကျုးကျော်များနေရာချထားပေးရန်အတွက် ကန့်ကွက်သူများလည်းရှိနေကြောင်း ဦးကျော်ဇင်ဦးက ဆိုသည်။

ကျုးကျော်များကို တွံတေးမြို့တွင် နေရာချထားပေးပြီးပါက မူလနေရာများတွင် ပြန်လည်ကျုးကျော်နေထိုင်ခြင်း ရှိမရှိဆိုသည်မှာ ကွပ်ကဲမှုအပေါ်မူတည်နေပြီး ကျုးကျော်များအားလုံးအတွက် နေရာပေးနိုင်မှုရှိမရှိမှာလည်း စီမံခန့်ခွဲမှုအပေါ် မူတည်နေကြောင်းပြောသည်။

၂၀၁၆ စက်တင်ဘာလမှ စတင်ကောက်ခံခဲ့သည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်(၁၃) မြို့နယ်၌ ကျုးကျော်ဟုသတ်မှတ်ထားသူပေါင်း (၄)သိန်းခန့် ရှိနေပြီဖြစ်သည်။

ကျူးကျော်ကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂၀၁၇ခုနှစ် ဇွန်လ(၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly