ငြိမ်းချမ်းရေး၊ ကျားမညီမျှရေး၊ တိုင်းပြည်ဖွ့ံဖြိုးရေးတို့အတွက် ပညာရေးတွင် ရင်းနှီးမြုှပ်နှံရန်လိုဟု ပညာရေးဝန်ကြီးဆို

ငြိမ်းချမ်းရေး၊ ကျားမညီမျှရေး၊ တိုင်းပြည်ဖွ့ံဖြိုးရေးတို့အတွက် ပညာရေးတွင် ရင်းနှီးမြုှပ်နှံရန်လိုဟု ပညာရေးဝန်ကြီးဆို

ရန်ကုန်၊ဒီဇင်ဘာ ၁ ။          ။ ငြိမ်းချမ်းရေး၊ ကျားမတန်းတူညီမျှရေး၊ တိုင်းပြည်ဖွံ့ဖြိုးရေးတို့အတွက် ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသင့် ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး   ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ ဒီဇင်ဘာလ ၁ ရက်တွင် ပြောကြားသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို လူငယ်များ ဘက်စုံဖွ့ံဖြိုးလာနိုင် စေရန် ရန်ကုန်တက္ကသိုလ်၌ ပြုလုပ်နေပြီး အဆိုပါပွဲတော်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေး၊ လူမှုစည်းပွားပိုမိုဖွံ့ဖြိုးတိုးတက်လာရေး၊ ကျားမတန်းတူညီမျှရေး၊ မတူကွဲပြားမှုများကို စီမံခန့်ခွဲရေး၊ စိတ်ရှည်သည်းခံခွင့်လွှတ်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ အရေးပါတဲ့အတွက် ပညာရေးမှာ များများရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ် ”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ပညာရေးအဆင့်မြှင့်တင်ပါက နိုင်ငံတကာနှင့်ယှဉ်ပြိုင်နိုင်စွမ်းရှိသူများ ဖြစ်လာရေး၊ တာဝန်ယူတာဝန်ခံရေး ပူးပေါင်းတီထွင်ကြံဆမှုများဖြစ်လာရေးအတွက် ရင်းနှီးမြှုပ်နှံသင့်သည်ဟု မိန့်ခွန်းအဆုံး၌ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

နောင်နှစ်များတွင်လည်း အဆိုပါ ပွဲတော်ပြုလုပ်သွားရန် အစီစဉ်ရှိကြောင်းလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ဒီလိုပွဲမျိုးတွေဟာ လူငယ်တွေအတွက် အနာဂါတ်အတွက်အခန်းကဏ္ဍအသစ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာ လူငယ်မောင်မယ်တွေအတွက် ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကို ဖော်ပြနိုင်ခြင်းဟာ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

ထို့အပြင် ယခုပွဲတော်မှ လူငယ်များအချင်းချင်းကြား ဆက်သွယ်မှုတိုးပွားလာနိုင်ပြီး ကိုယ့်ရဲ့ ပညာရပ်နယ်ပယ် အသီးသီးတွင် အကြံညဏ်များတိုးပွားလာနိုင်သည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း ဥိးဖြိုးမင်းသိန်းက ပြောသည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရန်ကုန်တက္ကသိုလ်အတွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး မေဂျာအသီးသီးမှ ပြခန်းများ၊ စားသောက်ဆိုင် များ၊ စာအုပ်ရောင်းချသည့်ဆိုင်များ၊ စကားပြောပွဲများ၊ အားကစားပြိုင်ပွဲများ၊ ဖျော်ဖြေရေးအမျိုးမျိုးနှင့် လူငယ်များ အသိပညာဗဟုသုတရရှိစေနိုင်သည့် အမျိုးသမီးရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာပြန်ခန်းများ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required