ရန်ကုန်တိုင်းအတွင်း ကျပ်ငွေ ဘီလီယံ ၄၀ ကျော် ထပ်တိုးသုံးစွဲရန် လွှတ်တော်ခွင့်ပြု

ရန်ကုန်တိုင်းအတွင်း ကျပ်ငွေ ဘီလီယံ ၄၀ ကျော် ထပ်တိုးသုံးစွဲရန် လွှတ်တော်ခွင့်ပြု

ရန်ကုန် ၊ ဒီဇင်ဘာ ၁ ။             ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ၄၁ ဘီလီယံကျော်ကို ထပ်တိုးသုံးစွဲရန် ယမန်နေ့ နို၀င်ဘာ ၃၀ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်တွင် တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုလိုက်သည်။

ယခု ရရှိထားသည့် ခွင့်ပြုငွေ များအား လမ်းများဖောက်လုပ်ရာတွင် အဓိကထားသုံးစွဲသွားမည်ဟုလည်း စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းကလွှတ်တော်၌ ထည့်သွင်းပြောဆိုသွားခဲ့သည်။

ယင်းအပြင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး ၊ လွှတ်တော်ရုံး ၊ စာရင်းစစ်ချုပ်ရုံး ၊ ဥပဒေရုံးများ၌လည်း တိုးတက်သုံးစွဲရန် လျာထားသည်ဟု သိရသည်။

"ရသုံးမှန်းချေငွေစာရင်းဟာ ရန်ကုန်တိုင်းဒေသကြီးအတွက် ၄၂၄.၃ ဘီလီယံကို ရရှိခဲ့ပါတယ်။ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေမှုအရ နောက်ထပ်ထပ်တိုးရရှိတာက ၄၁.၄ ဘီလီယံဖြစ်တဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး အတွက် သုံးစွဲခွင့် ရှိသည့်ငွေမှာ ၄၆၅.၇ ဘီလီယံ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဆိုသည်။

ပြည်ထောင်စုအစိုးရမှ ခွင့်ပြုပေးလိုက်သည့် ထပ်တိုးသုံးစွဲရန် ငွေများကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက်ခြင်းလည်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေဖြင့် မူလက ကျပ်ငွေ ၄၇ ဘီလီယံ သုံးစွဲရန် လျာထားပြီး ပြည်ထောင်စု အစိုးရထံ တင်ပြရာတွင် ကျပ်ငွေ ၄၁ ဘီလီယံကိုသာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။ ပြည်ထောင်စုမှ ဖြတ်တောက် လိုက်သည့် ၆.၁၅ ဘီလီယံသည် လျှပ်စစ်ကဏ္ဍတွင် သုံးစွဲရန် တောင်းခံငွေမှ လျော့ချဖြတ်တောက်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required