ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ရန်ကြိုးပမ်းနေသည့် ဆင်ရုပ်ကြီးအား ရန်ကုန်တိုင်းအစိုးရထံ လွှဲပြောင်းမည်

ကမ္ဘာ့ဂင်းနစ်စံချိန်ဝင်ရန်ကြိုးပမ်းနေသည့် ဆင်ရုပ်ကြီးအား ရန်ကုန်တိုင်းအစိုးရထံ လွှဲပြောင်းမည်

ရန်ကုန် ဒီဇင်ဘာ ၁ ။             ။ ကမ္ဘာ့အကြီးဆုံးစက္ကူရုပ်အဖြစ် ဂင်းနစ်စံချိန်ဝင်ရန် မှတ်တမ်းများ ပေးပို့ဆောင်ရွက်ထားပြီး၊ ရန်ကုန် မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ပြသထားသည့် တောဆင်ရိုင်းရုပ်ကြီးကို ယခုဒီဇင်ဘာလဆန်းပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးအပ် လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

"ဆင်ရုပ်ကြီးကို လောလောဆယ်မှာ ရာသီဥတုဒဏ် ခံနိုင်အောင် ပြုပြင်၊ မွမ်းမံမှုတွေလုပ်နေတယ်၊ ပြီးရင် တိုင်းအစိုးရကို လွှဲပြောင်းပေးသွားမယ်၊ ဘယ်မှာ ထားမလဲတော့ မသိရသေးဘူးပေါ့၊ဆင်ရုပ်ကြီး ထားရှိမယ့်နေရာတစ်ခု စီစဉ်ပေးမယ်လို့ သိရတယ်" ဟု WWF Myanmar မှ ဆက်သွယ်၊ ဆက်ဆံရေး အကြီးတန်းအရာရှိ ဦးရဲမင်းသွင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ တောဆင်ရိုင်းရုပ်ကို ပြီးခဲ့သည့် နိုဝင်ဘာလ က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ပြုလုပ်ခဲ့သည့် “မိုမိုတို့အတွက် ရင် တွင်းစကားသံ” ဆိုသည့် မြန်မာ့ဆင်များသတ် ဖြတ်၊ အရေခွံဆုတ်ယူခံနေရ သည့်ဖြစ်စဉ်များကို တားဆီးထိမ်းသိမ်းကာကွယ် ရေး ပြည်သူများအသိပညာပေးအစီအစဉ်တွင် အသုံးပြုခဲ့သည်။

ထို့ပြင် ဆင်ရုပ်ကြီးကို တရားဝင်ဂင်းနစ်စံချိန် ဝင်နိုင်ရန် ဆောင်ရွက်နေသည်ဟု ဦးရဲမင်းသွင်က ဆက်လက်ပြောသည်။

ဆင်ရုပ်ကြီးသည် စက္ကူနှင့်ဝါးကို အခြေခံပြီးပြုလုပ်ထားသည့်အတွက် ရာသီဥတုဒဏ်ခံနိုင်ရန် အမိုးအကာဖြင့် ထိမ်းသိမ်းထားရှိရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆွေးနွေးခဲ့သည်။ ယခု ဒီဇင်ဘာ လဆန်းအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး ဆင်ရုပ်ကြီး ကို အများပြည်သူလေ့လာကြည့်ရှုနိုင် မည့်နေရာတွင် ထားရှိရန်လည်း စီစဉ်နေကြောင်း သိရသည်။

အဆိုပါဆင်ရုပ်ကြီးကို ဂရက်ဖစ်တီအနုပညာရှင် ကိုအာကာကျော်အဖွဲ့နှင့် ဝါးအရုပ်ရက်လုပ်ကျွမ်း ကျင် ပညာရှင်ဦးမြင့်(ရုပ်လုံးကမ္ဘာ)တို့ ပူးပေါင်းဖန်တီးခဲ့ပြီး၊ အလျား ၂၁ ပေ၊ အနံ ရ ပေ၊ အမြင့် ၂၁ ပေ အရွယ်အစားရှိသည်။ ပျှမ်းမျှအားဖြင့် ရ ပေ မှ ၉ ပေကြား အမြင့်ရှိသည့် သက်ရှိဆင်ထီးတစ်ကောင်၏ အရွယ်အစားထက် ၃ ဆ ပို၍ ဖန်တီးပြုလုပ်ထားသည်။

ယခုလက်ရှိ ဂင်းတစ်စံချိန်တင်ထားသည့်စက္ကူရုပ် မှာ မက္ကဆီကိုတွင် ဖန်တီးထားသည့် မက္ကဆီကိုအနု ပညာရှင်နှင့် စောင်းကောက်ကို ပုံဖော်ထားပြီး၊ အလျား ၁၁ ပေကျော်၊ အနံ ၃ ပေကျော်၊ အမြင့် ၁၂ ပေ ကျော်သာရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly