ပျောက်ဆုံးရေငုပ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်နိုင်သူများကို ရှာပုံကယ်ဆယ်မှု အာဂျင်တီးနား ရပ်ဆိုင်း

ပျောက်ဆုံးရေငုပ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်နိုင်သူများကို ရှာပုံကယ်ဆယ်မှု အာဂျင်တီးနား ရပ်ဆိုင်း

 

ဒီဇင်ဘာ ၁ ။                      ။ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်ကြာကတည်းက ပျောက်ဆုံးနေခဲ့သည့် ရေငုပ်သင်္ဘောမှ အသက်ရှင်ကျန်ရစ်သူများ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ယခုအခါ တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အာဂျင်တီးနား ရေတပ်က ထုတ်ပြန်ပြောကြားလိုက်သည်။

သီတင်းနှစ်ပတ်ကြာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သော်လည်း ထင်သလို အရာမရောက်ခဲ့သည့်အတွက် ယခုအခါ ယင်းရေငုပ်သင်္ဘောနှင့်အတူ ပါရှိသွားသည့် အမှုထမ်း ၄၄ ဦးအား ကယ်ဆယ်နိုင်ရေး ကြိုးပမ်းချက်များကို လက်လျှော့လိုက်ရပြီ ဖြစ်ကြောင်း ရေတပ်က ထုတ်ပြန်သည်။

" အတိုင်းအတာတစ်ရပ်အထိ ကြိုးစားခဲ့ကြပေမယ့် ခုထက်ထိ ရေငုပ်သင်္ဘော တည်နေရာကို မှန်းဆနိုင်ခြင်း မရှိခဲ့ပါဘူး၊ ခုဆိုရင် တောင်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ရေငုပ်သင်္ဘောနဲ့အတူ ပါသွားတဲ့ အမှုထမ်းတွေကို ကယ်ဆယ်ဖို့ လက်လျှော့လိုက်ရပါပြီ" ဆိုပြီး အာဂျင်တီးနား ရေတပ် ပြောခွင့်ရပုဂ္ဂိုလ် အင်းနရစ် ဘယ်လ်ဘီက ပြောသွားသည်။

ARA ဆန်ဟွမ် ရေငုပ်သင်္ဘောမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်က အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ကွယ်နေခဲ့ခြင်း ဖြစ်သည်။

ယင်းရေငုပ်သင်္ဘောနှင့် နောက်ဆုံး အဆက်အသွယ်ရရှိခဲ့သည့် တည်နေရာအနီး ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သည် ဆိုသည့် သတင်းများ ထွက်ရှိခဲ့ပြီးကတည်းက အသက်ရှင်ကျန်ရစ်သူများ ရှာတွေ့နိုင်ရေး မျှော်လင့်ချက်များလည်း မှေးမှိန်ပျောက်ကွယ်ထားခဲ့ရပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly