မန်စီးတီးအသင်းနှင့်စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် အလွန်ပျော်ကြောင်း ဒေးဗစ်ဆေးလ်ဗားဆို

မန်စီးတီးအသင်းနှင့်စာချုပ်သက်တမ်းတိုးနိုင်ခဲ့သည့်အတွက် အလွန်ပျော်ကြောင်း ဒေးဗစ်ဆေးလ်ဗားဆို

ဒီဇင်ဘာ ၁၊ အင်္ဂလန် ။           ။ မန်စီးတီးအသင်းသည် စပိန်ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားကို ၂၀၂၀ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်သည်။

ဆေးလ်ဗား၏ လက်ရှိစာချုပ်သက်တမ်းမှာ ၂၀၁၉ ခုနှစ်အထိရှိသေးသော်လည်း မန်စီးတီးအသင်းက တစ်နှစ်စာချုပ်သက်တမ်း ထပ်တိုးလိုက်ခြင်း ဖြစ်သည်။

ဆေးလ်ဗားသည် မန်စီးတီးအသင်းသို့ စတင်ရောက်ရှိချိန်ကတည်းက အဓိကကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး လက်ရှိနည်းပြဂွါဒီယိုလာ၏အသင်းတွင်လည်း အားထားရသည့်ကစားသမား ဖြစ်နေဆဲ ဖြစ်သည်။

“မန်စီးတီးအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်။ မန်စီးတီးအသင်းမှာ ရ နှစ်ခွဲကာလ ဖြတ်သန်းနိုင်ခဲ့ပြီး နည်းပြဂွါဒီယိုလာရဲ့အသင်းမှာ ပါ၀င်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့အသင်းဟာ ချန်ပီယံဆုဖလားတွေကိုရဖို့ ပုံစံကောင်းရရှိနေပြီလို့ ခံစားရပါတယ်။

အသင်းရဲ့ကစားဟန်ကလည်း ကျေနပ်စရာကောင်းပါတယ်။ လာမယ့်နှစ်တွေမှာ ဆုဖလားတွေပိုပြီး ရရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆေးလ်ဗားက စာချုပ် ချုပ်ဆိုပြီးနောက် ပြောဆိုခဲ့သည်။

ဆေးလ်ဗားသည် ၂၀၁၀ ခုနှစ်က ဗလင်စီယာမှ မန်စီးတီးသို့ ပေါင် ၂၄ သန်းဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။ ၃၂၄ ပွဲကစားထားပြီး ၅၄ ဂိုးသွင်းယူပေးထားသည်။ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ် ရရှိထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required