ကာဇိုလာ ဘောလုံးပြန်ကစားနိုင်မည်ဟု အာစင်ဝင်းဂါး ယုံကြည်

ကာဇိုလာ ဘောလုံးပြန်ကစားနိုင်မည်ဟု အာစင်ဝင်းဂါး ယုံကြည်

နိုဝင်ဘာ ၃၀၊ အင်္ဂလန် ။            ။ စပိန်ကွင်းလယ်ကစားသမား ကာဇိုလာ ဘောလုံးပြန်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

ကာဇိုလာသည် ဖနောင့်ဒဏ်ရာကြောင့် အနားယူနေရသည်မှာ ၁၄ လခန့်ရှိပြီ ဖြစ်သည်။ ၎င်းအနေဖြင့် ယခုနှစ်ရာသီတွင် ဘောလုံးပြန်ကစားနိုင်မည်ဟု မျှော်လင့်ထားသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက ၎င်း၏ဒဏ်ရာကို ၉ ကြိမ်မြောက် ခွဲစိတ်မှု ပြုလုပ်ရဦးမည်ဟု တွစ်တာတွင် ရေးသားခဲ့သည်။

ထို့ကြောင့် ၎င်းဘောလုံးပြန်ကစားနိုင်မည့်အချိန်မှာ ထပ်မံနောက်ဆုတ်သွားပြန်ပြီ ဖြစ်သည်။ သို့သော် အာစင်ဝင်းဂါးက “ကျွန်တော့်အတွက်တော့ ၀မ်းနည်းစရာကောင်းပြီး ဂြိုလ်ဆိုးဝင်တဲ့နေ့ပါပဲ။ ဆန်တီအတွက် စိတ်မကောင်းပါဘူး။ သူက ကျွန်တော်လေးစားရတဲ့ ကစားသမားပါ။ အသင်းသားတွေအားလုံးကလည်း သူ့ကို ချစ်ခင်ကြပါတယ်။ လေ့ကျင့်ရေးကွင်းကို အမြဲတမ်းအပြုံးနဲ့လာတတ်သူပါ။ သူက ဘောလုံးကစားရတာကို ချစ်တဲ့သူပါ။ သူ့ရဲ့ဆေးမှတ်တမ်းတွေကိုတော့ ကျွန်တော်သေချာ မကြည့်ရသေးပါဘူး။ ဒါပေမဲ့ လာမယ့်ဇန်နဝါရီလထဲမှာ ဆန်တီပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required