သဘာဝ ဘေးအန္တရာယ်တွေ ဘာ့ကြောင့် ကြံုလာကြရသလဲ

သဘာဝ ဘေးအန္တရာယ်တွေ ဘာ့ကြောင့် ကြံုလာကြရသလဲ

မြန်မာတပြည်လုံး ယခုအချိန်မှာ ရေဘေးကိစ္စကြီးထဲ နစ်နေတဲ့ သဘောရှိပါတယ်။ မနေ့တနေ့ ကပဲ နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့်ရာမှာ လူဦးရေ ၁ ဒသမ ၅ သန်းကျော် ရေဘေးဒုက္ခ ကြုံကြရတယ် လို့ ဆိုပါတယ်။ ခန့်မှန်းချက်အရဆိုလျှင်တော့ သည့်ထက်ပင် လူဦးရေများမယ်လို့ ယူဆကြပါတယ်။

ချင်းပြည်နယ်ထဲက မြေပြိုတဲ့ ပြဿနာကလည်း အံ့သြလောက်အောင် ထူးကဲကြီးမားတာ တွေ့ ကြရပါတယ်။ ဒေသခံများနဲ့ အကဲခတ်လေ့လာသူများရဲ့ ယူဆချက်ကတော့ ဟားခါးမြို့ ရုမ်းတောင် ကြီးဟာ ရှစ်ဆယ်ရာခိုင်နှုန်းခန့်အထိ ကွဲအက်လာခဲ့ပြီဖြစ်လို့ ဟားခါးမြို့ဟာ မြို့လုံးကျွတ် ပြောင်းရွှေ့ရမယ့်ကိန်း ဆိုက်နေပြီလို့ ပြောကြပါတယ်။

ဒီလိုပါပဲ။ မကွေးတိုင်း စေတုတ္တရာမြို့ကလေးဟာလည်း အိမ်ခြေဦးရေ ၂,၀၀၀ လောက်ရှိပါ တယ်။ မြို့ကလေးရဲ့အထက်မှာ မုန်းရေလှောင်တမံကြီးရှိပြီး အောက်မှာကျတော့ ကြီးအုံကြီးဝ ရေလှောင်တမံ ရှိပါတယ်။ ဒီရေလှောင်တမံကြီး နှစ်ခုကြားရှိနေတဲ့ အနေအထားအပြင် စေတုတ္တရာ မြို့ကလေးဟာ ရခိုင်ရိုးမအခြေမှာရှိပြီး တောင်တွေ ပတ်လည်ဝိုင်းနေတာရယ်ကြောင့် နောက်နှစ် မိုးရာသီမှာ အခုလိုရေ ထပ်မကြီးနိုင်ဘူးလို့ ဘယ်သူမှ အာမ မခံနိုင်တော့ပါဘူး။ ဒီတော့ မြို့သူမြို့သား တွေက မြို့ကို ပြောင်းမှ ရမယ်၊ ဒါမှမဟုတ် မြို့ကို စွန့်ခွာမှ ရတော့မယ်လို့ ယူဆ ပြောဆိုလာကြပါ တယ်။

ဆန်းကြယ်ပြီး အံ့သြဖို့ ကောင်းတာက စီးကျလာတဲ့ရေတွေဟာ ယခင်နှစ်ပေါင်းများစွာ ကတည်းက ရှိခဲ့တဲ့ ရေစီးကြောင်းတွေအတိုင်း ကျလာတာမဟုတ်ဘဲ မထင်မှတ်တဲ့ နေရာအသီးသီးက စီးကျပေါ်ပေါက်လာတာ ဖြစ်လို့ လူတွေ ပြင်ဆင်ချိန်မလုံလောက်ဘဲ ရေဘေးပိုပြီး သင့်ကြရတာ ကတော့ ဆန်းကြယ်တဲ့ အဖြစ်ပါ။

ရေဘေး ဘာ့ကြောင့် ဖြစ်လာရသလဲ။ လူတွေက ထင်မြင်ချက် အမျိုးမျိုး ပေးကြပါတယ်။ တတ်သိပညာရှင်တွေက ပြောတာလည်း ရှိပါတယ်။ တချို့ကလည်း ဒါဟာ ကမ္ဘာနဲ့ချီပြီးဖြစ်တဲ့ သဘာ ဝဘေးဥပါဒ် အဖြစ် ယူဆကြပါတယ်။ ဒီအထဲမှာ အထိအနာဆုံး တိုင်းပြည်ထဲမှာ မိမိတို့တိုင်းပြည်လည်း ပါခဲ့ပါတယ်။

ဒီလိုဖြစ်လာရတာဟာ သစ်ပင်တွေကို စည်းမဲ့ကမ်းမဲ့ တရားလွန် ပြောင်းတလင်းခါအောင် ခုတ် လို့ မိုးရေတွေကို ထိန်းတဲ့သစ်ပင်တွေ မရှိတော့လို့ ဒီလို ရေတွေ ဒလဟော သွန်ချစီးဆင်း လာရတာဖြစ် တယ်လို့လည်း ပညာရှင်တချို့က ယူဆပါတယ်။ ပြီးတော့ တောင်တွေကို တရားလက်မဲ့ စီးပွားရေး လောဘဇောနဲ့ တရားလွန် တူးဆွပြီး သဘာဝသယံဇာတတွေ ယူကြတူးကြလို့ မိုးအဆက် မပြတ် ရွာတဲ့ အခါ တောင်တွေက ခံနိုင်ရည် မရှိတော့ဘဲ ပြိုကွဲကုန်ကြရတာ ဖြစ်တယ်လို့လည်း ယူဆကြပါတယ်။

သစ်ပင်ဟာ ရေကို ထိန်းတာ အမှန်ပါပဲ။ သဘာဝအပူချိန်ကို ထိန်းတာလည်း အမှန်ပါပဲ။ မိုးရွာတဲ့အခါ မိုးရေကို သစ်မြစ်တင်မက သစ်ပင်သစ်ကိုင်းတွေကပါ ထိန်းကြပါတယ်။ မထိန်းနိုင်တဲ့ ရေကို ဆက်မစီးစေဘဲ သစ်မြစ်တွေက မြေကြီးထဲ ဝင်သွားစေပါတယ်။ အခုတော့ ရေကို ထိန်းတဲ့ သစ်ပင်တွေ ပြောင်တလင်းခါသွားပြီဖြစ်လို့ ရွာသမျှမိုးရေက မြို့တွေ ရွာတွေဆီ ရောက်လာပြီး လူသားတွေကို ဒုက္ခလှလှကြီး ပေးတော့တာပါပဲ။

ကောင်းပါပြီ။ ဒါဆိုရင် သစ်ပင်တွေ အမြန်ပြန်စိုက်ကြရမယ် ဆိုပါတော့။ သစ်ပင်တွေ ပြန်စိုက်ဖို့ ဆိုတာ လူတိုင်း အသိကိုယ်စီရှိမှ ရသလို သစ်ပင်တွေ ကုန်အောင် ခုတ်ယူသွားခဲ့ကြသူတွေမှာလည်း တာဝန်ရှိပါတယ်။ တရားအရ ပြောရရင်တော့ သစ်ပင်တွေခုတ်လို့ ဆွေတစ်သက်မျိုးတစ်သက် စားမကုန် သောက်မကုန်အောင် ချမ်းသာကြွယ်ဝသွားကြသူတွေမှာ ပိုပြီး တာဝန်ရှိပါတယ်။

ဘယ်လိုပဲဖြစ်ပစေ ဘာ့ကြောင့် မိမိတို့ပြည်သူတွေ သဘာဝဘေးဥပါဒ်အန္တရာယ် ကြုံကြရသ လဲ။ အဖြေကိုတော့ မရှာလို့ မဖြစ်ပါ။ အဖြေမှန် ရှာနိုင်မှ လမ်းမှန်ကို ရွေးချယ်နိုင်ကြမှာ ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags