ကမ္ဘာ့ပထမဆုံး နှလုံး အစားထိုးကုသမှု နှစ် ၅၀ ပြည့်ပြီ

ကမ္ဘာ့ပထမဆုံး နှလုံး အစားထိုးကုသမှု နှစ် ၅၀ ပြည့်ပြီ

 

နိုဝင်ဘာ ၃၀ ။            ။ လွန်ခဲ့တဲ့ အနှစ်ငါးဆယ် ဒီလို ရက်သတ္တပတ်မှာတော့ တောင်အာဖရိကနိုင်ငံက နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာ ခရစ်တီယန် ဘားနတ်ဒ်ဆိုသူက ကမ္ဘာ့ ပထမဆုံးသော နှလုံး အစားထိုးကုသမှုကို လုပ်ဆောင်ခဲ့ပါတယ်။

ဒေါက်တာ ဘားနတ်ဒ် ရဲ့ အဆိုပါ လူအချင်းချင်းအကြား နှလုံးအစားထိုးခွဲစိတ်မှုရဲ့ အောင်မြင်မှု အတိုင်းအတာကြောင့် ကမ္ဘာပေါ်မှာ နှလုံးရောဂါတွေဟာ ချက်ချင်း သေဆုံးကြရမယ့် အဖြစ် မရှိတော့ဘူးဆိုတဲ့  အခြေအနေကို ရောက်ရှိစေခဲ့ပါတယ်။

ဒါ့အပြင် ဒေါက်တာ ဘားနတ်ဒ် ကိုယ်တိုင်လည်း ယင်းခွဲစိတ်မှုအပြီးမှာပဲ နှလုံးခွဲစိတ်ကုသမှု လမ်းသစ်ထွင်သူတစ်ဦးအဖြစ် ကမ္ဘာတစ်ဝန်း ဂုဏ်သတင်းကျော်ဇော်သွားတဲ့ အဖြစ်ကို   ရောက်ရှိသွားခဲ့ပါတယ်။

ယင်း ကမ္ဘာ့ပထမဆုံး နှလုံး အစားထိုးခွဲစိတ်မှုကို လွန်ခဲ့တဲ့ ၁၉၆၇ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တောင်အာဖရိကနိုင်ငံက Groote Schuur ဆေးရုံမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ယင်း ကမ္ဘာ့ပထမဆုံး နှလုံးအစားထိုးခွဲစိတ်ကုသမှုကို ခံယူခဲ့တဲ့ လူနာကတော့  လူဝစ် ၀က်ရှ်ကန်စကီ ဆိုသူ ဖြစ်ပါတယ်။

ဒေါက်တာ ဘားနတ်ဒ် ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တဲ့ ယင်း နှလုံး အစားထိုးမှုက အောင်မြင်ခဲ့တယ်လို့ ယူဆရပေမယ့် လူနာဖြစ်တဲ့ လူဝစ်ကတော့ ခွဲစိတ်မှုခံယူပြီး ကိုးရက်အကြာမှာပဲ အဆုတ်ရောင်နာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ယင်းတစ်ကြိမ်အပြီး ဒေါက်တာ ဘားနတ်ဒ်တစ်ယောက် ၁၉၆၈ ခုနှစ်မှာ နောက်တစ်ကြိမ် ထပ်လုပ်ခဲ့တဲ့ နှလုံးအစားထိုးမှုကတော့ ပထမအကြိမ်တုန်းကထက် ပိုအောင်မြင်တယ်လို့ ပြောလို့ရနိုိင်ပြီး လူနာ ဖြစ်တဲ့ ဖိလစ် ဘလယ်ဘာ့ဂ်က ခွဲစိတ်မှုခံယူပြီး ၁၉ လ ဆက်လက်ရှင်သန်နေထိုင်သွားနိုင်ခဲ့ပါတယ်။

အဆိုပါ ကမ္ဘာ့ပထမဆုံး နှလုံးအစားထိုး ကုသမှုကို လုပ်ဆောင်နိုင်ခဲ့တဲ့ ဒေါက်တာ ဘားနတ်ဒ်ကတော့ ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်က အသက် ရ၈ နှစ်အရွယ်မှာပဲ ပန်းနာရင်ကြပ် ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required