ပရိသတ်များအပေါ် ရိုင်းပျမိခဲ့သည်ဟု ဂျနီဖာလောရင့်စ် ဖွင့်ဟပြောဆို

ပရိသတ်များအပေါ် ရိုင်းပျမိခဲ့သည်ဟု ဂျနီဖာလောရင့်စ် ဖွင့်ဟပြောဆို

 

လူမြင်ကွင်းနှင့် အများပြည်သူသွားရောက်ရာနေရာများ၌ လူအများ၏အာရုံစိုက်ခံရမှုကို ရှောင်ရှားချင်သည့် အတွက် သူမသည် ပရိသတ်များအပေါ် လေးစားမှုမရှိဘဲ ရိုင်းပျမိသူတစ်ဦးဖြစ်လာသည်ဟု ဂျနီဖာလောရင့်စ်က ဖွင့်ဟပြောဆိုခဲ့သည်။

မင်းသမီးဂျနီဖာလောရင့်စ်က ထိုစကားများကို Variety မဂ္ဂဇင်းအတွက် အင်တာဗျူးပြုလုပ်စဉ်တွင် မင်းသားဖြစ်သူ အဒမ်ဆန်ဒလာအား ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဟောလိ၀ုဒ်ရုပ်ရှင်လောက၏ အာရုံစိုက်ခံရမှုအများဆုံးဖြစ်သည့် မင်းသမီးတစ်ဦးအဖြစ် နေထိုင်ရပုံအား အသက် ၂၇နှစ်အရွယ် လောရင့်စ်က ဟာသမင်းသားဆန်ဒလာနှင့် စကားလက်ဆုံကျစဉ်တွင် ပြောဆိုခဲ့သည်။

လောရင့်စ်က သူမသည် မလိုလားအပ်သော အာရုံစိုက်ခံရမှုများကို ရှောင်ရှားချင်သည့်အတွက် သူမကိုယ်သူမ ကာကွယ်သည့်အနေဖြင့် အပြုအမူများ ရိုင်းပျခဲ့ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

“ယေဘူယျအားဖြင့် လူမြင်ကွင်းထဲကို ကျွန်မသွားရတဲ့အချိန်တွေမှာဆိုရင် ကျွန်မရိုင်းပျမိခဲ့ပါတယ်” ဟု Hunger Games ဇာတ်ကားများ၏ မင်းသမီးဖြစ်သူက ပြောခဲ့သည်။

“ဒါဟာ ကျွန်မကိုယ်ကျွန်မ ကာကွယ်တဲ့နည်းတစ်မျိုးပါပဲ” ဟု သူမက ဆက်ပြောခဲ့သည်။

စားသောက်ဆိုင်ရှိ စားပွဲခုံ၌သူမထိုင်နေစဉ် ပရိသတ်များက သူမဆီသို့ ချဉ်းကပ်လာသည့်အခါမျိုးတွင် သူမက လက်ခါပြပြီး မျက်နှာလွှဲလေ့ရှိသည်ဟု လောရင့်စ်က ပုံဖော်ပြောဆိုခဲ့သည်။ ဒါ့အပြင် ပရိသတ်များက ဆယ်ဖီ ဓာတ်ပုံရိုက်ရန် သူမအားခွင့်တောင်းသည့်အခါမျိုးတွင် သူမက “မရဘူး” ဟု ခပ်ပြတ်ပြတ်ပြောလိုက်လေ့ရှိ ကြောင်း လောရင့်စ်က ပြောခဲ့သည်။

ပြီးခဲ့သော ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့၏ ၀င်ငွေအများဆုံး အမျိုးသမီးသရုပ်ဆောင်ဖြစ်ခဲ့သည့် ဂျနီဖာလောရင့်စ် က သူမ၏အပြုအမူများသည် ပရိသတ်များအပေါ် ရိုင်းပျမိခဲ့ရသည့်အကြောင်းရင်းအား အင်တာဗျူး၌ ယခုလိုမျိုး ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required