မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရေးဖြတ်တောက်ရန် နိုင်ငံအားလုံးကို အမေရိကန်တောင်းဆို

မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရေးဖြတ်တောက်ရန် နိုင်ငံအားလုံးကို အမေရိကန်တောင်းဆို

 

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၃၀ ။         ။ ပြံုယမ်းအစိုးရ၏ ထပ်မံလုပ်ဆောင်ခဲ့သော လက်နက်စမ်းသပ်မှုများကြောင့် ကမ္ဘာ့နိုင်ငံများအားလုံးအနေဖြင့် မြောက်ကိုရီးယားတို့နှင့် ဆက်ဆံရေးဖြတ်တောက်ရန် အမေရိကန်တို့ဘက်မှ ဗုဒ္ဓဟူးနေ့၌တောင်းဆိုခဲ့ပြီး အကယ်၍ စစ်မက်ဖြစ်ပွားခဲ့ပါက မြောက်ကိုရီးယားနိုင်ငံကြီး အလုံးစုံချေမှုန်းခံရမည်ဟု သတိပေးခဲ့သည်။

“ကုလသမဂ္ဂအနေဖြင့် အရေးယူဒဏ်ခတ်ဖို့ အကောင်အထည်ဖော်နေတဲ့အပြင် နိုင်ငံအားလုံးအနေနဲ့လည်း မြောက်ကိုရီးယားတို့နဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်သင့်ပြီး စစ်ရေး၊ နည်းပညာနဲ့ စီးပွားရေးအရ ပူးပေါင်း လုပ်ဆောင်နေတာအားလုံးကို ကန့်သတ်ထားသင့်ပါတယ်” ဟု ကုလသမဂ္ဂ၏ အမေရိကန်သံတနမ် နစ်ကီ ဟာလေက နယူးယောက်မြို့၌ပြုလုပ်ခဲ့သော လုံခြံုရေးကောင်စီအရေးပေါ် အစည်းအဝေး၌ ပြောကြားခဲ့သည်။

“ဒါ့အပြင် နိုင်ငံအားလုံးအနေနဲ့ သွင်းကုန်၊ထုတ်ကုန်အားလုံးကိုရပ်တန့်ပြီး မြောက်ကိုရီးယားအစိုးရနဲ့ ကုန်သွယ်ရေးကို ဖြတ်တောက်ပြီး   မြောက်ကိုရီးယားအလုပ်သမားအားလုံးကိုလည်း   နှင်ထုတ်ရပါမယ်” ဟု သူမက ဖြည့်စွက်ပြောဆိုခဲ့သည်။

“မြောက်ကိုရီးယားအာဏာရှင်ဟာ မနေ့ကတုန်းက ကမ္ဘာကြီးကို စစ်မက်ဖြစ်ပွားဖို့နီးကပ်လာအောင် ရွေးချယ်မှု တစ်ခုပြုလုပ်လိုက်ပါတယ်” ဟု ဟာလေက ပြောခဲ့သည်။ “ကျမတို့မြောက်ကိုရီးယားနဲ့ စစ်မက်ဖြစ်ပွားဖို့ ဘယ်တုန်းကမှမကြိုးစားခဲ့ဖူးပါဘူး။ ဒီနေ့အထိလည်း မကြိုးပမ်းရသေးပါဘူး။ စစ်မက်ဖြစ်ပွားခဲ့ရင်တော့ ဒါဟာ မနေ့တုန်းကလိုမျိုး ကျမတို့မြင်ခဲ့ရတဲ့ ရန်လိုတဲ့လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ရပါလိမ့်မယ်” ဟု သူမက ပြောခဲ့သည်။

ဆက်လက်ပြီး “တကယ်လို့ စစ်ဖြစ်ခဲ့ရင်တော့ မြောက်ကိုရီးယားအစိုးရဟာ အလုံးစုံဖျက်ဆီးခံရမယ်ဆိုတာ သေချာပါတယ်” ဟု သူမက ဖြည့်စွက်ပြောဆိုခဲ့သည်။

ဒါ့အပြင်ဟာလေက တရုတ်အစိုးရအနေဖြင့် မြောက်ကိုရီးယားတို့အား လောင်စာဆီတင်ပို့မှုကို ရပ်ဆိုင်းထားဖို့ လိုအပ်ကြောင်းကိုလည်း အလေးပေးပြောဆိုခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် တရုတ်သမ္မတရှီကျင်းပင်နှင့်အတူ ဗုဒ္ဓဟူးနေ့က ဖုန်းနှင့်ဆက်သွယ်၍ စကားပြောဆိုခဲ့စဉ်တွင် ဘေဂျင်းအစိုးရအနေဖြင့် ပြံုယမ်းတို့ထံသို့ လောင်စာဆီတင်ပို့မှုကို ဆိုင်းငံ့ထားပေးရန် တောင်းဆိုခဲ့ကြောင်း ဟာလေက ပြောခဲ့သည်။

မြောက်ကိုရီးယားတို့သည် ဗုဒ္ဓဟူးနေ့အစောပိုင်းက အမေရိကန်ကုန်းတွင်းပိုင်းအထိသို့ ပစ်ခတ်နိုင်သော ပဲ့ထိန်းတပ်ဒုံးပျံကို ပစ်လွှတ်စမ်းသပ်ခဲ့သည့်အတွက် ကုလသမဂ္ဂလုံခြံုရေးကောင်စီက အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယခုလိုအရေးယူဒဏ်ခတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required