အာရှ၏ တစ်နှစ်တာ နိုင်ငံတကာအကောင်းဆုံးဘောလုံးသမားဆုကို စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် ၂ ကြိမ်မြောက်ရရှိ

အာရှ၏ တစ်နှစ်တာ နိုင်ငံတကာအကောင်းဆုံးဘောလုံးသမားဆုကို စပါးတိုက်စစ်မှူး ဆွန်ဟောင်မင် ၂ ကြိမ်မြောက်ရရှိ

နိုဝင်ဘာ ၃၀၊ ဘန်ကောက် ။           ။ AFC ၏ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲ အခမ်းအနားကို ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ရာ စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်က အာရှတိုက်၏ တစ်နှစ်တာ နိုင်ငံတကာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိသွားခဲ့သည်။

ဆွန်သည် ၂၀၁၅ ခုနှစ်က ထိုဆုကို တစ်ကြိမ်ရရှိခဲ့ဖူးပြီး ယခု ဒုတိယတစ်ကြိမ် ထပ်မံရရှိခြင်းဖြစ်သည်။ ဆွန်ဟောင်မင်၏နောက်တွင် ဟက်ဒါဖီးအသင်းမှ သြစတြေးလျကစားသမား အာရွန်မွိုင်းက ဒုတိယ၊ ဒေါ့တ်မွန်အသင်းမှ ဂျပန်ကစားသမား ကာဂါ၀ါက တတိယရရှိခဲ့သည်။

ဆွန်ဟောင်မင်သည် ပြီးခဲ့သည့်ရာသီက စပါးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး တောင်ကိုရီးယားအသင်းကို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဆီပို့ဆောင်ပေးနိုင်ခဲ့သောကြောင့် ဆုရရှိခဲ့ခြင်း ဖြစ်သည်။

ဆွန်သည် ယခုနှစ်ရာသီတွင်လည်း စပါးအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး သူ၏ ပရီးမီးယားလိဂ်သွင်းဂိုးပေါင်းမှာ ၂၁ ဂိုးအထိရှိလာပြီ ဖြစ်သည်။ ဆွန်သည် ပက်ဂျီဆန်ကိုကျော်ကာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးအာရှကစားသမားအဖြစ်လည်း ရပ်တည်လျက်ရှိသည်။

အာရှ၏တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကိုမူ ဆီးရီးယားကစားသမား အိုမာကာဘင်က ရရှိခဲ့ပြီး အမျိုးသမီးအကောင်းဆုံးဘောလုံးသမားဆုကိုမူ သြစတြေးလျမှ စမန်သာကားက ရရှိခဲ့သည်။

အမျိုးသားအကောင်းဆုံးနည်းပြဆုကို ဂျပန်အူရာဝါအသင်းနည်းပြ တာကာဖူမီဟိုရီက ရရှိခဲ့ပြီး အမျိုးသမီးအကောင်းဆုံးနည်းပြဆုကို ဂျပန်နည်းပြအာဆာကိုတာကာကူရာက ရရှိခဲ့သည်။

ဖူဆယ်အကောင်းဆုံးကစားသမားဆုကိုမူ အီရန်မှ ဟာဆန်ဇာဒက်ရှ်က ရရှိသွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags