ဘာသာရေး အလွဲအသုံးချမှုများကို ဆန့်ကျင်ရန် ဘာသာတိုင်းမှာ တာဝန်ရှိဟု မဟနဥက္ကဋ္ဌဆရာတော်မိန့်ကြား

ဘာသာရေး အလွဲအသုံးချမှုများကို ဆန့်ကျင်ရန် ဘာသာတိုင်းမှာ တာဝန်ရှိဟု မဟနဥက္ကဋ္ဌဆရာတော်မိန့်ကြား
ဓာတ်ပုံ - သူရ/ မဇ္ဈိမ

 

 နိုဝင်ဘာ ၂၉ ။            ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ကမ္ဘာအေးစေတီတွင် တွေ့ဆုံပြီးနောက် ဘာသာတရားကို လွဲမှားစွာ အသုံးချမှု မှန်သမျှကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသရန် ဘာသာတိုင်းမှာ တာဝန်ရှိကြောင်း မဟန ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာအရှင်ကုမာရဘိ၀ံသ က ယနေ့ မိန့်ကြားလိုက်သည်။

ဘာသာတရားကိုးကွယ်မှုများတွင် ကိုးကွယ်မှုဆိုင်ရာ ခံယူချက်ပိုင်း ကွဲလွဲမှုများရှိသော်လည်း လူသားအကျိုးပြု ရည်ရွယ်ချက်ပိုင်းတွင်မူ ဘာသာအားလုံး တူညီကြောင်း ၊ကိုးကွယ်ရာဘာသာအယူဝါဒ၏ မူရင်းသင်ကြားချက် များကို ဆန္ဒ၊  ဒေါသ၊ မောဟ၊ အဂတိတရားတို့ဖြင့် ပြုပြင်ဖန်တီးခြင်းကြောင့်သာလျှင် အစွန်းရောက်ခြင်းနှင့် အကြမ်းဖက်မှုများဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း   နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့ နံနက်ပိုင်းတွင် ကျိုက္ကစံကွင်း၌ ယုံကြည်သက်ဝင်သူတို့၏ ပူဇော်ခြင်းကို ခံယူပြီးနောက် ယုံကြည်သက်ဝင်သူ တစ်သိန်းကျော်နှင့်အတူ ငြိမ်းချမ်းရေးအတွက် အတူတကွ ဆုတောင်းခဲ့ကြသည်။

ထို့နောက် နိုဝင်ဘာလ ၂၉ ရက် ညနေပိုင်းတွင် ကမ္ဘာအေးကုန်းမြေ၌ မဟနမှ ဦးဆောင်ဆရာတော်ကြီးများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးသည် ယမန်နေ့က နေပြည်တော်တွင် နိုင်ငံတော်သမ္မတဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေးနှင့်ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းရေး အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို  နှစ်သက်အားရကြောင်း ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံခရီးစဉ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ယခုလ ၃၀ ရက်မှ ဒီဇင်ဘာ၂ ရက် အထိ သွားရောက်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly