မိဘဆန္ဒအရပဲ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးပါတယ်

မိဘဆန္ဒအရပဲ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးပါတယ်
ကလေးငယ်များ ဂျပန်ဦးနှောက်ရောင်ရော၈ါကာကွယ်ဆေးထိုးပြီးစဉ် ။ ဓာတ်ပုံ-Unicef Myanmar

(ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်နှင့် အင်တာဗျူး)

မေး။ ။ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီး တိုင်းနဲ့ ပြည်နယ်တွေက တစ်ချို့နေရာ တွေမှာ ကလေးတွေ သေဆုံးတာ၊ အော့အန်မူးဝေတာတွေဖြစ်နေတော့ စိုးရိမ်ရတဲ့အခြေအနေရှိနေတာပေါ့။ အဲ့ဒါ ဘာကြောင့်ဖြစ်တာလဲဆိုတာ ဆရာတို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ထားလား။

ဖြေ။ ။ ရှိတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့ သတင်းစာမှာ ထုတ်ပြန်ထားပြီလေ။ ပြီးခဲ့တဲ့ စနေနေ့က သတင်းစာမှာ ထုတ်ပြန်ချက် ၂ ပေါ့။ ဟိုး အရင်တစ်ပတ်ကတော့ ထုတ်ပြန်ချက် ၂ ပေါ့။ ကျွန်တော်တို့ ထုတ်ပြန်ထားပါ။ ဓာတ်မတည့်တာဆိုတာကတော့ ကာကွယ်ဆေးရဲ့သဘောကိုက ကလေး ၁၀၀ ထိုးရင် တစ်ဆယ်၊ နှစ် ဆယ်ကတော့ နည်းနည်း မူးတတ်တယ်။ ၁၀ ရာခိုင်နှုန်းမှာ ၂ ရာခိုင်နှုန်းပေါ့။ အဲ့ဒါကိုလည်း ထုတ်ပြန် ထားပါတယ်။ သို့သော်လည်းပဲ မသိကြဘူး။ ဖျားတာကလည်း ကလေး ၁၀၀ မှာ ၁၀ ယောက် လောက်က ဖျားတယ်။ အခုလောလောဆယ်ထိုးတာမှာတော့ ဓာတ်မတည့်တာ သိပ်မတွေ့ရဘူး။

မေး။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ အခုလောလောဆယ်မှာလည်း ပင်လောင်းအပိုင် နောင်တရားမြို့မှာလည်း ကလေး ငယ်တစ်ဦး ကာကွယ်ဆေးထိုးပြီး တောင်ကြီးအထူးကုကလေးဆေးရုံမှာ တင်ထားတာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရတယ်ခင်ဗျ။ သူကကျတော့ နေမကောင်းခင် ဆေးထိုးလို့ ဖြစ်သွားတယ်လို့ သိရတယ် ဆရာ။

ဖြေ။ ။ အဲ့ဒါကြောင့်မို့လို့ ကျွန်တော်တို့ အပြည့်အစုံ ရှင်းလင်းထားတယ်လေ။ သတင်းစာတွေမှာ မြန်မာလို ရော၊ အင်္ဂလိပ်လိုရော ရှင်းထားတာရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပေါ့လေ။ အများကြီးထိုးရတာဆိုတော့ နည်းနည်းလေးတော့ တိုက်ဆိုင်မှုလေးတွေရှိတာပေါ့နော်။ မြန်မာနိုင်ငံရဲ့လူဦးရေ ကျန်းမာရေးအခြေအနေ စစ်တမ်းတွေ ကောက်ထားတဲ့အချိန်မှာ နှုန်းထားတွေရှိတယ်။ ၅ နှစ်အောက်ကလေးကို တစ်ရက်ကို ဘယ်လောက်လုပ်နိုင်လဲ။ ၅ နှစ်ကနေ ၁၅ နှစ်ဆိုရင် ပုံမှန်အတိုင်းဆိုရင် သူက ကျောင်းနေတာရော၊ မနေတာ ရောဆိုရင် နှုန်းထားတွေရှိတယ်။ ဒါကတော့ နိုင်ငံတကာမှာရောရှိတယ်။

မေး။ ။ ဟုတ်ကဲ့။ ဒီ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးက တစ်ခြားနိုင်ငံတွေမှာရော ထိုးပေးတယ်ဆိုတော့ အဲ့ဒီနိုင်ငံတွေမှာရော သေဆုံးတာတွေ ရှိလားခင်ဗျာ။

ဖြေ။ ။  ဒီကာကွယ်ဆေးအနေနဲ့ကတော့ နိုင်ငံပေါင်း ၁၁ နိုင်ငံမှာ ကလေးပေါင်း သန်းပေါင်း ၄ဝဝ ထိုးပြီးပြီ။ ခုသုံးနေတဲ့ ကာကွယ်ဆေးကလေ။ တခြားနိုင်ငံတွေမှာလည်း ဖြစ်တာတွေရှိပါတယ်။ အိန္ဒိယတို့၊ ဘာတို့မှာ ဆိုရင် လည်း ၂၂ ယောက်ထိ ဆုံးတာတွေရှိတယ်လေ။ ဒါလေးတွေကို ကျွန်တော်တို့က ယှဉ်ပြီးတော့ ပြဖို့ဟာ ကတော့ ရှိပါတယ်။ အခုလောလောဆယ်တော့ ကျွန်တော်တို့ ကလေး ၈ သန်းကျော် ထိုးပြီးပြီ။ ပထမအဆင့် ကျောင်းအခြေပြုမှာ။ အဲ့ဒီမှာ ဆိုးဆိုးရွားရွားဖြစ်တာတော့ ဆုံးသွားတာ ၃ ယောက်တော့ရှိတာပေါ့။ ထုတ်ပြန် ပေးထားတဲ့ ထဲမှာတော့။ အဲ့ဒီမှာ ပင်လောင်းက ကလေးကတော့ သူက နမိုနီးယားရှိတယ်။ စစ်ဆေးမှုကတော့ လွဲနိုင်တာပေါ့။ မထိုးခင် ဘယ်လိုပဲ စစ်ဆေး၊ စစ်ဆေးမသိနိုင်ဘူး။ ရောဂါအခံရှိတော့လေ။ ကလေးက ဆေးထိုး တဲ့အချိန်မှာ ရင်ကြပ်သွားတယ်။ တစ်နာရီ၊ ၄၅ မိနစ်လောက်နေပြီးတော့မှ ရင်ကြပ်ပြီးတော့မှ သူက ပြုစုကုသမှု ပေးခဲ့ပေမယ့်လည်း ဆုံးသွားတာပေါ့။

မေး။ ။ ဆရာတို့အနေနဲ့ရော ခုလိုဖြစ်စဉ်တွေ ဖြစ်နေတော့ နောက်ထပ် ထပ်ပြီး ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးဖို့ အစီစဉ်ရှိသေးလား။

ဖြေ။ ။ ရှိတာပေါ့။ နောက်ထပ် ရပ်ကွက်၊ ကျေးရွာအခြေပြုအနေနဲ့ ထိုးဦးမယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ ၂ဝ ထိအောင်။ ကလေးပေါင်း ၅ သန်းကျော်လောက် ထိုးမယ်။

မေး။ ။ ခုလိုမျိုး ဆရာတို့က ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကို ထိုးမယ်ဆိုတော့ ဒီလို ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကြောင့် တချို့မိဘတွေက စိုးရိမ်မှုတွေရှိနေတယ်ပေါ့။ ဒီအပေါ်မှာရော ဆရာအနေနဲ့ ဘာပြောချင် လဲခင်ဗျ။

ဖြေ။ ။ မိဘများကို ကျွန်တော်ပြောထားပြီးသားပေါ့။ ဟို မထိုးမနေရ သတ်မှတ်မထားဘူး။ မိမိဆန္ဒအရပဲ ထိုးပါ။ ကျွန်တော်တို့ကတော့ မိဘဆန္ဒအရပဲ ထိုးပေးပါမယ်။ ကာကွယ်ဆေးထိုးပေးတာက   ရောဂါကတော့ ဖြစ်လာရင် ကုသရခက်တယ်။ သုံးပုံ တစ်ပုံက အသက်ဆုံးရှုံးနိုင်တယ်။ သုံးပုံနှစ်ပုံက ဦးနှောက်အာရုံချို့ တဲ့ပြီးတော့မှ ဒုက္ခိတဖြစ်နိုင်တယ်။ အဲ့ဒီတော့ ကာကွယ်ဆေးဖြင့်သာ ကာကွယ်လို့ရတယ်။ ဖြစ်လာရင်တော့ မကာကွယ် နိုင်ဘူးပေါ့ဗျာ။ အဲ့ဒီတော့ ဆိုလို့တဲ့သဘောကတော့ ကာကွယ်ချင်ရင်တော့ ကာကွယ်ဆေးကြို တင်ထိုးခြင်း ကလွဲ၍ တခြား နည်းလမ်းမရှိဘူး။ ခြင်ကိုက်မခံရအောင်ပဲ ကြိုးစားရမှာပေါ့လေ။ အခုကာကွယ် ဆေးထိုးပြီးတဲ့ ၈ သန်းကျော်ကျော်ကလေးတွေလည်း နေကောင်းကြပါတယ်။ ခု ဖြစ်သွားကလည်း တိုက်ဆိုင်မှုပေါ့။ ကာကွယ် ဆေးအားဖြင့်ကတော့ စိတ်ချရတယ်ဆိုပြီးတော့ တခြားနိုင်ငံတွေမှာလည်း ထိုးပြီးပြီ။ အဲ့ဒီတော့ စိုးရိမ်နေပေမယ့် ကာကွယ်ဆေးထိုးချင်မိဘတွေအနေနဲ့ စိတ်မချဘူးဆိုရင် ကလေးအထူးကု ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ထိုးပါလို့ အကြံပြုချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါခင်ဗျ။ အခုလို ကာကွယ်ဆေးထိုးလိုက်လို့ ကလေးတွေမှာ ထိခိုက်မှုတစ်စုံတစ်ရာဖြစ်လာရင် ဆရာတို့အနေနဲ့ ဘယ်လိုမျိုး တာဝန်ယူဆောင်ရွက်ပေးလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ ။ ရှိတယ်။ တာဝန်ယူမှုဆိုတာ ဆရာမတွေ အကုန်လုံးဆီမှာ ကလေးတွေရှော့ခ်ဖြစ်လို့ရှိရင် အချိန်မီ ကုသဖို့ ဖြေဆေးတွေ အကုန်လုံး အပြည့်အစုံပေးထားပါတယ်။ တာဝန်ယူတာကတော့ အကုန်လုံးကို တာဝန် ချပြီးသား။ သက်ဆိုင်ရာ မြို့နယ် ဆရာဝန်၊ ကလေးအထူးကုဆရာဝန် စသဖြင့်ပေါ့ အကုန်လုံးကို တာဝန်ပေး ထားပြီးသား။ သူတို့ အဆင့်ဆင့် တာဝန်ယူရမယ်။ ကလေးက တစ်ခုခုဖြစ်လို့ရှိရင် အမြန်ဆုံးချက်ချင်း ကုသနိုင် အောင် လုပ်ထားရမယ်ဆိုပြီးတော့ စီစဉ်ပြီးသားပါ။

 မေး။ ။ ဟုတ်ကဲ့ပါ။ ဆရာအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တစ်နှစ်အတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားတဲ့ ဦးရေနဲ့ သေဆုံးသူဦးရေ ဘယ်လောက်လောက်ရှိလဲဆိုတာ ပြောပေးနိုင်မလားခင်ဗျာ။

ဖြေ။ ။ နှစ်စဉ် ၃ဝဝ ကျော်လောက် သေဆုံးတယ်။ ဖြစ်ပွားမှုက ၆ဝဝဝ ကျော်လောက်ရှိတယ်။ ဆုံးတာချည်းပဲ ကို ၃ဝဝ ကျော်လောက်ရှိတယ်။ ဒါတောင်မှ လက်တန်းပြောတာ အသေးစိတ်စာအုပ်ကြည့် ပြီး ကိန်းဂဏန်းတွေ ပြောရင် ဒီထက်ပို များနိုင်တယ်။

မေး။ ။ ဂျပန်ဦးနှောက်ရောင်ရောဂါဖြစ်ပွားရင် ဘယ်လောက်လောက်ကြာပြီးတော့ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးပုံစံလဲဆရာ။

ဖြေ။ ။  ကြာတယ်ဆိုတာက သူက ကုသတဲ့စာရင်းမရှိဘူး။ သူက ကုသရင်လည်း လက္ခဏာပြမှပဲ ကုသရ တယ်ဆိုတော့။ သုံးပုံနှစ်ပုံလောက်က စကားပြောတာ မတိကျတာတွေ၊ မပီတာတွေ၊ အကြောဆွဲတာတွေ၊ နောက် အတက်ရောဂါတွေဖြစ်ပွားတာတွေရှိတယ်။ ဒီရောဂါ ဆိုးကျိုးကတော့ များတယ်။

 မေး။ ဟုတ်ကဲ့။ ဆရာတို့ကလည်း ကာကွယ်ဆေးထိုးပေးဖို့အတွက် နောက်ထပ်အစီအစဉ်တွေ ရှိသေးတယ် ဆိုတော့ ကလေးတွေကို ဆေးမထိုးခင် စစ်ဆေးပေးနိုင်ဖို့အတွက် လုပ်ဆောင်ထားတာရှိလား။

ဖြေ။ ။ အဲ့ဒါတွေကို ကျွန်တော်တို့ ညွှန်ကြားထားပြီးပြီ.. .ညွှန်ကြားထားပြီ။ လူအင်အားကတော့ နည်းနည်း လိုတာပေါ့။ ကျွန်တော်တို့ နည်းနည်း..နည်းနည်းဆီတော့ ထိုးမယ်။ အများကြီး မထိုးဘူးပေါ့နော်။ အဲ့ဒီလိုမျိုး တော့ပြောထားတယ်။ နိုင်သလောက်ဆီပဲ လုပ်သွားမယ်။

 မေး။ ။ နောက်ဆုံးမေးခွန်းပါဆရာ။ ဆရာအနေနဲ့ အခုလက်ရှိ ကာကွယ်ဆေးထိုးလို့ ဖြစ်ပေါ်နေတဲ့ အခြေ အနေဆိုးတချို့နဲ့ ပတ်သက်ပြီးတော့ ဖြည့်စွက်ပြီး ပြောပေးချင်တာရှိသေးလားဆရာ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ရောဂါဆိုးကလည်း ကာကွယ်ချင်တာပေါ့နော်။ တစ်ဖက်ကလည်း အများကြီး ထိုးရတဲ့ အခါကျတော့ ဒီလိုမျိုး အဖြစ်အပျက်လေးတွေ ရှိတာပေါ့လေ။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ကလေးတွေကို ကာကွယ်ဆေးလေး ထိုးပေးချင်တယ်။ ကလေးတွေလည်း မဆုံးစေချင်ဘူး။ အဲ့ဒီတော့ ကျွန်တော်တို့က ပြန်ချိန် နေရတာက မထိုးတဲ့ ကလေးများက ရောဂါဖြစ်လာရင် မကာကွယ်နိုင် ဘူးပေါ့။ ရောဂါရနိုင်တဲ့ အခြေအနေရှိ တယ်။ ဒါပေမယ့် အကုန်လုံးတော့ ရောဂါမရနိုင်ဘူးပေါ့။ ဖြစ်ပွားမှုများတဲ့ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းက ကလေးတွေကတော့ ရောဂါဖြစ်နိုင်တယ်။ ခုနပြောသလို ကာကွယ်ဆေးကလည်း ဘယ်ဆေးဖြစ်ဖြစ် အကုန်လုံးက တည့်တယ်ဆိုတာပြောလို့ မရဘူးလေ။ ဒါကြောင့် ထိုးလည်း ထိုးချင်တယ်။ ရောဂါ ကာကွယ်ချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ကလေးအထူးကုဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ထိုးပါလို့ ပြောချင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly