ပလက်ဝတိုက်ပွဲများကြောင့် ၃ ဦးခန့်ဒဏ်ရာရရှိပြီး အရပ်သား ၄ ဦးသေဆုံး

ပလက်ဝတိုက်ပွဲများကြောင့် ၃ ဦးခန့်ဒဏ်ရာရရှိပြီး အရပ်သား ၄ ဦးသေဆုံး

 

ရန်ကုန်၊ နိုဝင်ဘာ ၂၉ ။           ။ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း  တပ်မတော်နှင့် ရက္ခိုင့်အဖွဲ့ AA တို့၏တိုက်ပွဲများကြောင့် ရခိုင်နှင့် ချင်း အပါအဝင် အရပ်သား ၄ ဦးသေဆုံးကာ ၃ ဦးခန့် ဒဏ်ရာ ရရှိထားကြောင်း ချင်းပြည်နယ်၊ လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်က မဇ္စျိမသို့ အတည်ပြု ပြောဆိုသည်။

နိုဝင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ကုလားတန်မြစ်အနီးတစ်ဝိုက် နှစ်ဖက် တပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နိုဝင်ဘာ၂၆ ရက်နေ့အထိတိုက်ပွဲများရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

“ AA ဘက်က ပစ်ခတ်တဲ့အတွက်ကြောင့် သေဆုံးရတာ ၂ ယောက်ပေါ့။ အမျိုသမီးတစ်ယောက် ကျောင်းသား တစ်ယောက်။ နောက်ပြီး မိုင်းနင်း မိလို့သေဆုံးတာက ၂ ယောက်ရှိသွားပြီ။ မနေ့က တစ်ယောက် ထပ်ဖြစ်တယ် ပေါ့။ ဒဏ်ရာရတာက နှစ်ယောက်၊ သုံးယောက်လောက်ရှိပါပြီ။ အဓိကသေ ဆုံးတဲ့အထဲမှာ ရခိုင်ရော၊ ချင်းရောပေါ့ ” ဟု ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

အဆိုပါတိုက်ပွဲများမှာ အစိုးရတပ်မတော်မှ ထိုးစစ်ဆင်လာသောကြောင့် ပြန်လည်ခုခံရခြင်းဖြစ်ပြီး ပြသာနာများကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာချင်သည်ဟု ရက္ခိုင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (AA) မှပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက မဇ္စျိမသို့ ပြောဆိုထားသည်။

သို့သောလည်း ပလက်ဝမြို့အပြင် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့အစပ်အနီးတွင် နိုဝင်ဘာ ၁၈ ရက်မှ စတင်ကာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေခဲ့ကြောင်းလည်း ၄င်းက ဆိုသည်။

ပလက်ဝ ဒေသသည် ချင်းပြည်နယ်အတွင်း အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့်အပြင် ယခုလို တိုက်ပွဲများ ဖြစ်ပွားရခြင်းကြောင့် ပြည်နယ်ဖွံဖြိုးရေး လုပ်ငန်းများအတွက်လည်း အခက်အခဲများ ဖြစ်ပေါ်စေကြောင်း ၀န်ကြီး ဆလိုင်းအိုက်ဇက်ခင် ကပြောသည်။

တပ်မတော်ဘက်မှ တစ်စုံတစ်ရာထုတ်ဖော်ပြောကြားခြင်းမရှိသေးသည့် အဆိုပါတိုက်ပွဲများကြောင့် ချင်းပြည်နယ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင် လာရတဲ့ ပြည်သူ ၃၃၄ ဦးအထိ ရှိပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်အတွင်းသို့ထွက်ပြေးသည့် သူများလည်းရှိနေကြောင်း ၀န်ကြီးကဆက်လက်ပြောသည်။

လတ်တလောတွင် စစ်ဘေးရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုး ရမှ စားနပ်ရိက္ခာတွေကို ၂ လစာအား ကြိုတင်စီမံထားရှိကြောင်းလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required