လူမနေကျွန်းတစ်ခုကို ယာယီစခန်းအဖြစ် အသွင်ပြောင်းပြီး ဘင်္ဂါလီဒုက္ခသည်တွေကို ထားရှိဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

လူမနေကျွန်းတစ်ခုကို ယာယီစခန်းအဖြစ် အသွင်ပြောင်းပြီး ဘင်္ဂါလီဒုက္ခသည်တွေကို ထားရှိဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

 

ဒါကာ၊ နိုဝင်ဘာ ၂၉ ။                 ။ ဘင်္ဂလားပင်လယ်အော်ရှိ လူမနေတဲ့ ကျွန်းတစ်ခုကို ဘင်္ဂါလီ မွတ်ဆလင် ဒုက္ခသည်တွေအတွက် ယာယီစခန်းအဖြစ် အသွင်ပြောင်းမယ့် ဒေါ်လာ သန်း ၂၈၀ တန် စီမံကိန်းတစ်ရပ်ကို ဖော်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက သဘောတူခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

လူသူမနေဘဲ ရေကြီးမှုဒဏ်ခံရနိုင်တဲ့ အဆိုပါ ကျွန်းကိုတော့ အိမ်နီးချင်း မြန်မာနိုင်ငံဆီကနေ ထွက်ပြေးလာကြတဲ့ ဘင်္ဂါလီ မွတ်ဆလင် ၁၀၀,၀၀၀ ခန့်ကို ထားရှိမယ့် ယာယီ စခန်းအဖြစ် အသွင်ပြောင်း ဖော်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက စီစဉ်လာတာဖြစ်ပါတယ်။

နိုင်ငံမှာ ရောက်ရှိခိုလှုံနေတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေကို မူလနေရပ်ပြန်ပို့မယ့် သဘောတူညီချက်တစ်ခု ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား လက်မှတ်ရေးထိုးနိုင်ခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ ယခု ဆုံးဖြတ်ချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Bhashan Char အမည်ရ ကျွန်းကို ယခုလို ဒုက္ခသည်ယာယီစခန်းအဖြစ် ပြောင်းလဲဖော်ဆောင်မယ့် အစီအစဉ်ကို ၀န်ကြီးချုပ် ရှိတ်ဟာစီနာ ဦးဆောင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ကော်မတီတစ်ရပ်က အတည်ပြုခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

ဒုက္ခသည်တွေကို မူလနေရပ် ပြန်ပို့မယ့် လုပ်ငန်းက အချိန် ကြာဦးမှာဖြစ်ပြီး လက်တစ်လော ကြားကာလအတွင်းမှာ ၎င်းဒုက္ခသည်တွေကို နေရာချထားပေးဖို့အတွက် နေရာတစ်ခု လိုအပ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး မူစတာဖာ ကာမယ်လ်က ပြောပါတယ်။

ဒုက္ခသည် ဦးရေ တစ်သိန်းကို ကျွန်းပေါ်မှာ နေရာချထားပေးမယ့် ယင်းစီမံကိန်းကတော့ လာမယ့် ၂၀၁၉ မတိုင်ခင် ပြီးစီးမယ်လို့လည်း ၎င်းက ပြောပါတယ်။

" ဘင်္ဂါလီ တော်တော်များများက ဒီမှာ သေရေးရှင်ရေးတစ်မျှ အခြေအနေတွေအောက်မှာ နေနေကြရပါတယ်" လို့ ၎င်းက ပြောပါတယ်။ နိုင်ငံထဲကို ဒုက္ခသည်တွေ အလုံးရင်း စုပြုံဝင်ရောက်လာမှုက ၎င်းတို့တွေအတွက် လုံခြံုရေးပိုင်းရော ပတ်ဝန်းကျင် ဆိုင်ရာပါ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကို ၎င်းက ရည်ညွှန်းပြောဆိုသွားတာဖြစ်ပါတယ်။

ယခုလိုမျိုး နိုင်ငံတွင်းမှာ ဒုက္ခသည်တွေ စုပြံုရောက်ရှိနေမှုကြောင့် ၎င်းတို့ကို ကျွန်းတစ်ကျွန်းပေါ်ကို ပို့ဆောင်ထားရှိဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ထောက်ခံအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ် ဟာဆန် မာမွတ်အလီက စက်တင်ဘာလတုန်းက တောင်းဆိုခဲ့ပါသေးတယ်။

ယင်းလိုမျိုး ဒုက္ခသည်တွေကို ကျွန်းပေါ်မှာ ပြောင်းရွှေ့နေရာချထားပေမယ့်အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ ပြီးခဲဲ့တဲ့ ၂၀၁၅ ကတည်းက စတင်အဆိုပြုခဲ့တာဖြစ်ပြီး ယင်းနောက် ကြန့်ကြာမှုတွေဖြစ်ခဲ့ပြီး ယမန်နှစ်ကမှ ပြန်လည် ရှင်သန်လာတာဖြစ်ပါတယ်။

ကျွန်းရဲ့အနေအထားနဲ့ပတ်သက်လို့ ဝေဖန်မှုတွေရှိနေသော်ငြားလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကတော့ ၎င်းတို့နိုင်ငံမှာ ဒုက္ခသည်ဦးရေ များပြားလာနေမှုကို စီမံဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ရှိတယ်လို့ ပြန်လည်တုန့်ပြန်ထားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required