Global Entrepreneurship Summit မှာ အမျိုးသမီး ဦးစားပေးရေးကိစ္စ အလေးပေးဆွေးနွေး

Global Entrepreneurship Summit မှာ အမျိုးသမီး ဦးစားပေးရေးကိစ္စ အလေးပေးဆွေးနွေး

 

နိုဝင်ဘာ ၂၉ ။                         ။ ကမ္ဘာတစ်ဝှမ်းက လုပ်ငန်းခွင်တွေထဲမှာ အမျိုးသမီးတွေ ပိုမို ပြည့်ပြည့်ဝဝ ပါ၀င်လာနိုင်စေဖို့အတွက် လုပ်ငန်းခွင်အတွင်း ခွဲခြားဘက်လိုက် ဆက်ဆံနေမှုများကို  ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုအပ်နေလျက်ရှိတယ်ဆိုပြီး အိန္ဒိယနိုင်ငံမှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးတစ်ရပ်မှာ ဆွေးနွေးသွားပါတယ်။

ဒါကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့တဲ့ Global Entrepreneurship Summit (ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးစီးပွားလုပ်ငန်း လုပ်ကိုင်ခြင်း ထိပ်သီးအစည်းအဝေး) အတွင်း " အမျိုးသမီး ပထမဦးစားပေး၊ အားလုံးကြွယ်ဝချမ်းသာနိုင်ခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုကနေ ထွက်ရှိလာတဲ့ မက်ဆေ့ချ်တစ်ခု ဖြစ်ပါတယ်။

အဆိုပါ ထိပ်သီးအစည်းအဝေးကိုတော့ အိန္ဒိယ နိုင်ငံ Hyderabad မြို့မှာ အမေရိကန်အစိုးရနဲ့ NITI Aayog အဖွဲ့တို့က ပူးတွဲ စီစဉ်ခဲ့တာဖြစ်ပါတယ်။

သုံးရက်ကြာ ယင်းညီလာခံအစည်းအဝေးကိုတော့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အကြံပေးတစ်ဦးအဖြစ် ထမ်းဆောင်နေတဲ့ အိုင်ဗန်ကာ ထရမ့်တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ညီလာခံ ဒုတိယမြောက်နေ့အဖြစ် "လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများနှင့် အရည်အချင်းလေ့ကျင့်မြှင့်တင်ခြင်း" ဆိုတဲ့ကိစ္စဆိုင်ရာ မျက်နှာစုံညီအစည်းအဝေးရဲ့ " အမျိုးသမီး ပထမ၊ အားလုံး ကြွယ်ဝချမ်းသာနိုင်ခြင်း" အစည်းအဝေးအပိုင်းခွဲမှာတော့ ကျွမ်းကျင်မှုအရည်အချင်းတွေကို ပိုမို လက်ခံသင်ယူရရှိနိုင်စေခြင်း၊ လေ့ကျင့်သင်ကြားရေး၊ ပညာရေးနဲ့ သက်မွေးလုပ်ငန်းဆိုင်ရာ ဆွေးနွေးလမ်းညွှန်မှုတို့ကို ရရှိစေခြင်းကနေတဆင့် လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေ ပိုမိုပါ၀င်လာနိုင်မှုကို မြှင့်တင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ကြပါတယ်။

ယင်း ညီလာခံအစည်းအဝေးမှာတော့ နိုင်ငံပေါင်း ၁၇၀ က စွန့်ဦးလုပ်ငန်းရှင်ပေါင်း ၁,၅၀၀ တက်ရောက်ခဲ့ပြီး ယင်းတို့အနက် အမေရိကန်ကနေ တက်ရောက်လာသူ ၃၅၀ ၀န်းကျင်ခန့် ရှိခဲ့ပါတယ်။  ယင်းညီလာခံမှာ တက်ရောက်လာတဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြုှပ်နှံသူတွေနဲ့ သက်ရှိဖွဲ့စည်းတည်ဆောက်ပုံစနစ် ထောက်ခံသူတွေအားလုံးရဲ့ ၅၂ ဒသမ ၅ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ယင်း အခမ်းအနားမှာ မြန်မာနိုင်ငံမှလည်း ကိုယ်စားလှယ် သုံးဦး တက်ရောက်ခဲ့ပါတယ်။

ယင်း ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ မစ္စ အိုင်ဗန်ကာ ထရမ့်က မိန့်ခွန်းပြောကြားခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဦးဆောင်နိုင်မှုကိုလည်း ချီးကျူးသွားပါတယ်။ " ဒီကနေ ဒီနေရာမှာ ရှင်တို့ ရရှိအောင်မြင်ထားတာတွေက တကယ့်ကို အံ့မခန်းပါပဲ၊ ရှင်တို့ ကလေးဘဝက လက်ဘက်ရည် ရောင်းနေခဲ့ရာကနေ အခု ရှင်တို့ရဲ့ ရွေးကောက်ပွဲကနေ ၀န်ကြီးချုပ်ကို ရွေးချယ်နိုင်ခဲ့ပါပြီ၊ ဒါကိုကြည့်ခြင်းအားဖြင့် အသွင်ကူးပြောင်းမှု အပြောင်းအလဲတွေက ဖြစ်နိုင်တယ်ဆိုတာကို သက်သေပြပြီး ဖြစ်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

အမေရိကန်အမျိုးသမီး စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေ ပါ၀င်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လာတဲ့ အိုင်ဗန်ကာ ထရမ့်က အဆိုပါ သုံးရက်ကြာ ညီလာခံကို တက်ဖို့ အိန္ဒိယကို ရောက်လာခဲ့တာဖြစ်ပါတယ်။

"ငါတို့ ဒါကို လုပ်နိုင်တယ်၊ လုပ်ငန်းခွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုများနှင့် အရည်အချင်းလေ့ကျင့်မြှင့်တင်ခြင်း" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ မျက်နှာစုံညီအစည်းအဝေးမှာ သူမတက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

အမျိုးသမီးတွေကို စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တဲ့ ယခု ညီလာခံအစည်းအဝေးရဲ့ အရေးပါပုံကိုလည်း အိန္ဒိယ ၀န်ကြီးချုပ်က အလေးပေးပြောသွားပါတယ်။

" အမျိုးသမီး ပထမ၊ အားလုံး ကြွယ်ဝချမ်းသာနိုင်ခြင်း" ခေါင်းစဉ်နဲ့ ယခု ညီလာခံကို လုပ်ဆောင်ခဲ့ပါတယ်၊ အိန္ဒိယမှာဆိုရင် အမျိုးသမီးဆိုတာက အာဏာရဲ့ နတ်ဘုရားမတစ်ပါးဖြစ်ပါတယ်။ အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ခြင်းက ကျွန်တော်တို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျလှပါတယ်" လို့ မိုဒီက ပြောပါတယ်။

" အမျိုးသမီးတွေက ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်နဲ့ ညီမျှပါတယ်၊ ဒီကိစ္စတွေကို အမျိုးသမီး ကိစ္စဆိုတာထက် လူသားတို့ရဲ့ ကိစ္စလို့ ကျွန်မတို့ စဉ်းစားဖို့ လိုပါတယ်" ဆိုပြီးအမေရိကန်သမ္မတ ထရမ့်ရဲ့ သမီးလည်း ဖြစ်တဲ့ အိုင်ဗန်ကာ က ပြောပါတယ်။

စွန့်ဦးလုပ်ငန်းရှင်တွေအတွက် အခွင့်အရေးတွေ ဖန်တီးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ၀ုိင်းဝန်းလုပ်ဆောင်ထားနိုင်ခဲ့တာနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားမိတယ်လို့လည်း သူမက ပြောပါတယ်။

အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့လိုတယ်လို့ Ms Chanda Kochar က ပြောပါတယ်။

" အမျိုးသမီးတွေအတွက် အထူးမူဝါဒတွေ ကျွန်မတို့ ရှိမနေပါဘူး၊ ဒါပေမယ့် အမျိုးသမီးတွေအတွက် လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖန်တီးဖို့ အလေးထားလုပ်ရပါမယ်၊ ဒါမှလည်း သူတို့ရဲ့ အရည်အချင်းတွေ မြှင့်တင်နိုင်တယ်ဆိုတာကို သူတို့ ယုံကြည်ချက်ရှိသွားပါလိမ့်မယ်"လို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေ လုပ်ငန်းခွင်တွေထဲမှာ ပိုမို ပါ၀င်လာစေနိုင်မယ့် အချက်ကိစ္စတွေနဲ့ပတ်သက်လို့လည်း Ms Chanda က ပြောသွားပါတယ်။

" အမျိုးသမီးတွေက 3C လိုပါတယ်၊ အဲဒါတွေကတော့ Confidence ယုံကြည်မှုရှိမှု၊ Capabilities လုပ်နိုင်စွမ်းရှိမှု၊ Capital ရင်းနှီးငွေ ရရှိမှု တို့ လိုပါတယ်" လို့ Cherie Blair က ပြောပါတယ်။ အမျိုးသားတွေဘက်ကလည်း အမျိုးသမီးတွေဆီမှာ ၎င်းတို့နဲ့ တူညီတဲ့အခွင့်အရေးတွေ ရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုတယ်လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

အမေရိကန်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Dell EMC ရဲ့ Chief Customer Officer ဖြစ်တဲ့ Karen Quiontos က ပြောကြားရာမှာ " လူ့အဖွဲ့အစည်းအတွင်း ရှိနေတဲ့ ဘက်လိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်းသွားဖို့ လိုပါတယ်၊ အဲဒီလို ဆွေးနွေးပြောဆိုရာမှာ အမျိုးသားတွေကလည်း တစ်စိတ်တစ်ပိုင်း ပါ၀င်ဖို့ လိုပါတယ်၊ သူတို့အားလုံး မတူကွဲပြားတဲ့ တွေးခေါ်မှုတွေ ရှိလာချိန်မှာတော့ စီးပွားရေး ရလဒ်တွေက ကောင်းသွားပါလိမ့်မယ်" လို့ ပြောသွားပါတယ်။

အိန္ဒိယမှာက လုပ်ငန်းခွင်ထဲ မှာ ပါ၀င်လုပ်ကိုင်နေတဲ့ ဘွဲ့ရအမျိုးသမီး ရာခိုင်နှုန်းက ၂၅ ရာခိုင်နှုန်းလောက်တောင် မရှိသေးဘူးလို့ Chanda Kochharက ပြောပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယ လုပ်ငန်းခွင်တွေအနေနဲ့ အမျိုးသမီးတွေကို ပိုမိုပါ၀င်လာနိုင်အောင် ပြောင်းလဲလုပ်ဆောင်နေပြီဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

" ခုဆိုရင် ကျွန်မတို့ဆီမှာ အားကစားသမားတွေ၊ ပိုင်းလော့တွေ၊ ရေတပ်အရာရှိတွေ၊ ၀န်ကြီးတွေ၊ ဘဏ်လုပ်ငန်းရှင်တွေထဲမှာ အမျိုးသမီးတွေ ပိုများလာနေပါပြီ" လို့ ၎င်းက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required