ကြံ့ခိုင်ရေးပါတီ အပြောင်းအလဲအတွက် အကြို အစည်းအဝေးည အခြေအနေ ဝန်ကြီးဦးရဲထွဋ်နှင့် တစေ့တစောင်း

ကြံ့ခိုင်ရေးပါတီ အပြောင်းအလဲအတွက် အကြို အစည်းအဝေးည အခြေအနေ ဝန်ကြီးဦးရဲထွဋ်နှင့် တစေ့တစောင်း

နေပြည်တော် (မဇ္ဈိမ) ။ ။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲလုပ်ရန် သြဂုတ် ၁၂ရက် ညက အကြို စည်းဝေးမှုအနေဖြင့် ပါတီ၏ ပူးတွဲဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သည့် သူရဦးရွှေမန်း ၊ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိန်းတို့မှ မပါဘဲ ပါတီအကြီးအကဲအချို့ နှင့် အစိုးရအဖွဲ့ ဝန်ကြီး၊ ဒု-ဝန်ကြီးများပါဝင်သည့် အကြီးအကဲများ နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်တွင် စုဝေးခဲ့ကြသည်။ ထိုညက ရဲဝန်ထမ်းများ နှင့် စစ်ကားအချို့လည်း လုံခြုံရေးယူခဲ့သည်။ သြဂုတ် ၁၃ရက်တွင်မူ ပါတီအရေးပေါ် အထူးအစည်းအဝေး ကျင်းပကာ ပါတီထိပ်ပိုင်းခေါင်းဆောင် အပြောင်းအလဲ ပြုလုပ်ခဲ့သည်။ ယင်းကိစ္စများ နှင့် ပတ်သက်၍ ကြံ့ခိုင်ရေးပါတီ၏ လက်ရှိ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို သြဂုတ် ၁၉ရက်က ပြည်ထောင်စုလွှတ်တော် ခန်းမအပြင်ဘက်တွင် မီဒီယာများက မေးမြန်းထားသည်ထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်သည်။

မေး - သမ္မတကြီး ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ကို လာတာနဲ့ ပတ်သက်ပြီးတော့ အဲ့ဒါကို တစ်ချို့က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တယ်လို့ ပြောဆိုဝေဖန်တာတွေရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက် ပြီးတော့ ဝန်ကြီးဘာများ ပြောချင်ပါလဲ။                                                                

ဖြေ - သမ္မတကြီးက ပါတီရဲ့ဥက္ကဋ္ဌကိုး အဲ့ဒီတော့ သူပိုင်တဲ့ပစ္စည်းတစ်ခုကို သူများကို လွှဲပြောင်းပေးတယ်ဆိုရင် သူ ဘယ်သူ့ကို လွှဲပြောင်းပေးတယ်ဆိုတာ သူကိုယ်တိုင်ပြောမှာပေါ့။ အစည်းအဝေးတစ်ခုကို သွားပြီးတော့ ဦးဆောင် ဦးရွက်လုပ်တာ နာယကလုပ်တာ ပါဝင်ဆွေးနွေးတာမျိုးမရှိဘူး။ လွှတ်တော်စခါစတုန်းကလည်း သူ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို သွားပြီးတော့ နှုတ်ဆက်ခဲ့ဖူးတယ်။ အခု တစ်ခေါက်လည်း သူသွားနှုတ်ဆက်တယ်။ အစီအစဉ်တွေဘာတွေ လုပ်တာမဟုတ်ဘဲနဲ့ အပေါ်တွေ ဘာတွေ တက်ပြီး မိုက်ကိုယူပြီးတော့မှ သူ ဘာကြောင့်  ဒီကိစ္စကို လွှဲပြောင်းပေးရတယ်ဆိုတာကို ငါးမိနစ်လောက် သူ ပြောပြာတယ်။ ပြောပြပြီး ပြန်ဆင်းပြီးတော့ အားလုံးနှုတ်ဆက်ပြီးတော့ ပြန်လာတယ်။ ဆိုလိုတာက ခင်ဗျား ပိုင်တဲ့ ပစ္စည်းပေါ်မှာ ခင်ဗျား ဘယ်သူ့ကို ပေးလိုက်တယ်ဆိုတာ လူတွေ ရှင်းပြအုံးမှာပေါ့။ ဘာကြောင့်ပေးလိုက် တယ်ဆိုတာ ဒီအတိုင်းချထားခဲ့လို့ရတဲ့ဟာမျိုးမှမဟုတ်တာ။ ဒါကိုတော့ နားလည်ဖို့ လိုတာပေါ့။            

မေး - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ခေါင်ဆောင်ပိုင်းအပြောင်းအလဲက ဒီမိုကရက်တစ်မဆန်ဘူးလို့ အချို့ကပြောကြတာရှိတယ်။ လုံထိန်းတွေကလည်း လိုအပ်တာထက်ပိုပြီး သုံးထားတာရှိတယ်လို့ ဝေဖန်ကြ တာရှိတယ်။ ဝန်ကြီးအနေ နဲ့ အဲ့ဒီညက စည်းဝေးပွဲအတွက် ဒီလုံထိန်အင်အားက တစ်ကယ်ပဲ လိုအပ်တယ်လို့ မြင်လား။

ဖြေ - ပထမတစ်ခုကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တွေရဲ့ကိစ္စကတော့ ပါတီဝင်တွေရဲ့ ကိစ္စပေါ့ဗျာ။ မီဒီယာတွေပြောသလို သူဘာသာသူတို့ ဆွေးနွေးဖို့လိုတယ်ဆိုရင် သူတို့ပါတီထဲမှာ ဆွေးနွေးကြ ပေါ့။ ကျွန်တော့အနေနဲ့ကတော့ ဘာမှ ဝင်ပြောစရာ အကြောင်းမရှိဘူး။ တစ်ခုကတော့ ရဲတပ်ဖွဲ့အင်အားဆိုတာကတော့ အဲ့ဒီမှာ အခြေအနေနှစ်ခုရှိတာပေါ့။ တစ်ခုကတော့ ရဲတပ်ဖွဲ့ဆိုတာက တည်ငြိမ်အေးချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှုနဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ပေးရတာကိုး။ နောက်တစ်ခု အဖွဲ့အစည်းတစ်ခုက သူတို့ရဲ့ အခမ်းအနားတစ်ခု ကျင်းပနေတဲ့အချိန်မှာ လိုအပ်တဲ့ လုံခြုံရေးဆောင်ရွက်ပေးပါလို့ အကျိုးအကြောင်းနဲ့ညီရင် ဆောင်ရွက်ပေးရမှာပေါ့။ အဲ့ဒီတော့ ခင်ဗျားတို့ စတိတ်ရှိုးလုပ်ရင်တောင်မှ ရဲကို အကူအညီတောင်းရင် ရဲကလာပြီး လုံခြုံရေး လုပ်ပေးရသေးတာကိုး။ လိုအပ်တဲ့ပမာဏ များတယ်ဆိုတာကတော့ အကူအညီတောင်းခံတဲ့သူနဲ့ ပေးတဲ့သူအပေါ်မှာ မှုတည်တာပေါ့ဗျာ။ များတယ် နည်းတယ်ဆိုတကတော့ ဘေးကလူပြောတာပေါ့။ နောက် တစ်ခုကတော့ အဲ့ဒီချိန်မှာတုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ထဲမှာ နိုင်ငံခြာသားအပါဝင် ပါတီနဲ့မဆိုင်တဲ့လူတစ်ချို့ ရှိနေတာလည်း ရှိတယ်ပြောတယ်။ အဲ့ဒီလူတွေ ထွက်ပေးဖို့ မေတ္တာရပ်ခံတဲ့အခါမှာ တော့ ရဲတပ်ဖွဲ့ဝင် အနည်းငယ်ဝင်သွားပြီးတော့ သူတို့ကို ထွက်ပေးဖို့ မေတ္တာရပ်ခံရတာရှိတယ်ပြောတယ်။ ဒါလည်း ကျွန်တော်ကြားရတာပြောတာ ကျွန်တော်လည်း အဲ့ဒီနေ့က အဲ့ဒီအထဲမှာ မရှိဘူး။                         

မေး - နောက်တစ်နေ့ဝန်ကြီးတွေ ထွက်သွားတဲ့အပေါ်မှာရော ဝန်ကြီးဘယ်လိုခံစားမိလဲ   အံ့သြသွားသေးလား ။ဖြေ - သူတို့က နဂိုကတည်းက ဒီပါတီမှာလုပ်ခဲ့တဲ့သူတွေလေ။ တစ်ချို့ဆို အသင်းကြီးဘဝကတည်းက လုပ်ခဲ့ တဲ့သူတွေ ဥပမာ ဦးတင်နိုင်သိန်းတို့ဆိုရင် အသင်းကြီးဘဝကတည်းကပါ။ ဦးပိုက်ထွေး ဆိုလိုရှိရင်ရွေးကောက် ပွဲမှာ ပါလာပြီးတော့ မကွေးတိုင်းအစုအဖွဲ့ရဲ့ခေါင်းဆောင်ပြီးတော့ လုပ်ခဲ့တာကို။ဆိုတော့ အစကတည်းက ကျွန် တော်တို့ကတော့ သူတို့တွေဟာ အနားယူတဲ့သတင်းတွေ့နေတာနဲ့ ပါတီကို ပြန်သွားပြီဆိုတာ ကျွန်တော်တို့က သိတော့ ဘာမှတော့ မအံ့သြပါဘူး။                                                                                  

မေး - အဲ့ဒါဆိုရင် သမ္မတက ပါတီမှာပြန်လည်ဖွဲ့စည်းဖို့အတွက်ကို ဒီပုဂ္ဂိုလ်တွေ ထွက်ခွင့်ပြုလိုက်တယ်လို့ ပြောလိုက်တာလား။

ဖြေ -  မဟုတ်ပါဘူးဗျာ့။ ဒီအဖွဲ့တွေကိုယ်တိုင်ကိုကကျွန်တော်ထင်ပါတယ် ရွေးကောက်ပွဲဝင်ဖို့အတွက် အမည်စာရင်းတင်သွင်းပြီးတဲ့အချိန်မှာ သူတို့တစ်ဦးချင်းရဲ့ရွေးကောက်ပွဲအောင်နိုင်ရေးသာမက သူတို့တည်ထောင်ချိန်ကတည်းက သူတို့ကိုယ်တိုင် စပါဝင်ခဲ့တဲ့ ပါတီကိစ္စတွေ သူတို့ပြန်လုပ်ချင်တယ် ဆိုပြီးတော့မှ သူတို့ ဟိုတုန်းကတည်း အချိန်တော်ကြာကတည်းက စဉ်းစားထားခဲ့ပုံရပါတယ်။ ဒါ ချက်ခြင်း ပြောလို့ရတဲ့ကိစ္စမဟုတ်ဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required