အစ္စရေးရှိအမေရိကန်သံရုံးကို ဂျေရုစလမ်မြို့သို့ရွှေ့ရန် ထရမ့်စဉ်းစားနေဟု ဒုသမ္မတပြောကြား

By AFP
29 November 2017
အစ္စရေးရှိအမေရိကန်သံရုံးကို ဂျေရုစလမ်မြို့သို့ရွှေ့ရန် ထရမ့်စဉ်းစားနေဟု ဒုသမ္မတပြောကြား

 

နယူးယောက်၊ အမေရိကန်ပြည်ထောင်စု၊ နို၀င်ဘာ ၂၉။                  ။ အမေရိကန်သမ္မဒေါ်နယ်ထရမ့်သည် အစ္စရေးနိုင်ငံ တယ်လ်အဗီမြို့ှရှိ အမေရိကန်သံရုံးကို ဂျေရုစလမ်မြို့သို့ မည်သို့မည်ပုံနှင့် မည်သည့်အချိန်တွင် ပြောင်းရွှေ့ရင်ကောင်းမလဲဟု အခါမလပ်စဉ်းစားနေကြောင်း ဒုတိယ သမ္မတ က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အစ္စရေးနိုင်ငံထူထောင်ရန်အတွက် ပါလက်စတိုင်းကိုနှစ်ပိုင်းပိုင်းခြားခြင်းအား ကုလသမဂ္ဂ၌ မဲခွဲဆုံးဖြတ်မှု နှစ် ရ၀ ပြည့်မြောက်သည့်အနေဖြင့် နယူးယောက်မြို့တွင်ကျင်းပသည့် အခမ်းအနား၌ အမေရိကန်ဒုသမ္မတ မိုက်ခ်ပန့်စ်က မိန့်ခွန်းပြောကြားစဉ် ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။

“သမ္မတကြီးဒေါ်နယ်ထရမ့်ဟာ အစ္စရေးနိုင်ငံ တယ်လ်အဗီမြို့မှ အမေရိကန်သံရုံးကို ဂျေရုစလမ်မြို့ကိုရွှေ့ဖို့ အချိန်အခါကောင်းကို အခါမလပ်တွေးတောနေပါတယ်” ဟု ပန့်စ်က အဆိုပါအခမ်းအနားသို့တက်ရောက်လာ သော ကုလသမဂ္ဂကိုယ်စားလှယ်များ၊ သံတမန်များနှင့် ဂျူးခေါင်းဆောင်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သောသမ္မတရွေးကောက်ပွဲကာလက ဒေါ်နယ်ထရမ့်သည် ပါလက်စတိုင်းနှင့် အာရပ်နိုင်ငံများကို ဒေါသူပုန် ထွက်စေမည့် ဂျေရုစလမ်မြို့သို့ သံရုံးရွှေ့မည့် ကိစ္စအားထောက်ခံကြောင်း ပြောဆိုခဲ့ဖူးသော်လည်း ယခုနှစ်တွင် ဂျေရုစလမ်မြို့သို့ လာရောက်လည်ပတ်စဉ်၌ ထိုကိစ္စအား ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၁၉၉၅ခုနှစ်က အမေရိကန်လွှတ်တော်သည် ဂျေရုစလမ်မြို့သို့ အမေရိကန်သံရုံးရွှေ့မည့်ကိစ္စအား အမေရိကန်၏မူဝါဒအဖြစ်သတ်မှတ်ရန် ဥပဒေတစ်ခုအတည်ပြုပေးခဲ့ပြီး ယင်းမူဝါဒသည် ဂျေရုစလမ်မြို့ကို နိုင်ငံ ၏ မြို့တော်အဖြစ် သတ်မှတ်ရန်ကြိုးစားနေသော အစ္စရေးတို့အား ထောက်ခံလိုက်ခြင်းလည်းဖြစ်သည်။

ဂျေရုစလမ်မြို့သို့ နောက်လတွင်လာရောက်လည်ပတ်မည့် မိုက်ခ်ပန့်စ်က သူ၏ခရီးစဉ်အတွင်း အစ္စရေးပါလီမန် အတွင်း၌ မိန့်ခွန်းပြောကြားပြီး အမေရိကန်ပြည်ထောင်စုနှင့် အစ္စရေးတို့ ပိုမိုနီးစပ်သွားအောင်လုပ်ဆောင်ပေး နိုင်မည့် သတင်းစကားတစ်ခုကို ယူဆောင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူက “ကျုပ်တို့ ချစ်မြတ်နိုးတဲ့အရာတွေကို ကာကွယ်ဖို့အတွက် ကျုပ်တို့အတူတကွ ရပ်တည်သွားမှာပါ” ဟု ပြောခဲ့သည်။

ဆက်လက်ပြီး မိုက်ခ်ပန့်စ်က ကုလသမဂ္ဂသည် တစ်နေ့တစ်ခြား ဂျူးဆန့်ကျင်ရေးနှင့် အမုန်းစကားများပြည့်နှက် နေသည့်စကားများ ပြောဆိုဆွေးနွေးသည့် ဖိုရပ်တစ်ခုဖြစ်လာကြောင်းနှင့် ကုလသမဂ္ဂ၌ အစ္စရေးကို ပုတ်ခတ် ပြောဆိုသည့် နေ့ရက်များ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဒီနေ့ဒီအချိန်မှာ အစ္စရေးနိုင်ငံရဲ့လုံခြံုရေးကို အမေရိကန်တို့ဘက်မှ စံချိန်တင်လောက်အောင်ကို ထောက်ခံနေ ပြီဖြစ်တယ်လို့ ကျနော်ကျေကျေနပ်နပ်ကြီး ပြောကြားချင်ပါတယ်” ဟု မိုက်ခ်ပန့်စ်က ပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags