YBS ၂၁ ယာဉ်လိုင်းမှ ကိုတရုတ်လေး အပါအဝင် ၅ ဦးအား ခြောက်လှန့်တောင်းယူမှုပုဒ်မဖြင့် အမှုဖွင့်ထား

YBS ၂၁ ယာဉ်လိုင်းမှ ကိုတရုတ်လေး အပါအဝင် ၅ ဦးအား ခြောက်လှန့်တောင်းယူမှုပုဒ်မဖြင့် အမှုဖွင့်ထား

ရန်ကုန်၊ နိုဝင်ဘာလ ၂၈ ။           ။ YBS ၂၁ ယာဉ်လိုင်းကို ပြေးဆွဲနေသော Power Eleven အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေး အပါအဝင် ၅ ဦးအား ထန်းတပင်မြို့နယ်၊ အမှတ် ၁၁ ရဲစခန်းတွင် ခြောက်လှန့်တောင်းယူမှုပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းမှ စခန်းမှူး သက်နောင်စိုးက မဇ္စျိမသို့ အတည်ပြုပြောသည်။

ကိုတရုတ်လေးအပါအဝင် အယောက် ၂ဝ ခန့်က အနောက်ပိုင်းတက္ကသိုလ်ဝင်းအတွင်းရှိ YBS ၂၂ ယာဉ်လိုင်းဂိတ်မှ ရပ်ထားသော ယာဉ်ပေါ်မှ ပိုက်ဆံပုံးအား နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လိုင်း ဝန်ထမ်းများကို အသိမပေးဘဲ ဖြုတ်ယူခဲ့သည်ဟုဆိုကာ အဆိုပါ ၂၂ ယာဉ်လိုင်းမှ ၆ ဦးကော်မတီ အဖွဲ့က အမှု ဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ (ပ) နံပါတ်က ၈၁၇၊ ပုဒ်မက ၃၈၄/ ၁၁၄ နဲ့ အမှုဖွင့်ထားတာပါ။ တိုင်ကြားတာကတော့ YBS ကားပေါ်မှာ ထောက်ခံချက်နဲ့ ယူပြီးတော့ ပိုက်ဆံပုံးကို ဖျက်ဆီးတယ်ပေါ့။ အမှုကတော့ လောလောဆယ် စစ်ဆေးဆဲပဲ ရှိပါသေးတယ်ဗျ။ တိုင်ကြားထားတာက ကိုတရုတ်လေးအပါအဝင် ၅ ယောက်ပါ”ဟု အမှတ် ၁၁ ရဲစခန်းမှ စခန်းမှူး သက်နောင်စိုးက ပြောသည်။

ထိုသို့ အမှုဖွင့်ထားသော ကိစ္စနှင့် ပတ်သက်၍ ကိုတရုတ်လေးအား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ရာ အမှုဖွင့် ခံထားရသည်မှာ မှန်ကန်ကြောင်း၊ အဆိုပါ ၂၂ ယာဉ်လိုင်းမှာ အစိုးရက ဖျက်သိမ်းလိုက်သည့် ခေတ်သစ် ငြိမ်းချမ်းရေးအများပိုင်ကုမ္ပဏီမှ ယာဉ်လိုင်းဖြစ်ပြီး Power Eleven အများပိုင်ကုမ္ပဏီကို စီမံအုပ်ချုပ် ခွင့်ပေး ထားသည့် ယာဉ်လိုင်းဖြစ်သဖြင့် ငွေကြေးရေးစီမံခန့်ခွဲမှုပိုင်းကို လွှဲပြောင်းမပေးရာမှ ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုတရုတ်လေးက ပြောသည်။

“ ငွေကြေးစီမံခန့်ခွဲမှုပိုင်းကို လွှဲပေးဖို့ဆိုတာ အရင်စာရင်းတွေကို လွှဲခိုင်းတာမဟုတ်ပါဘူး။ နောက်ပိုင်းကောက်ခံ ထားတဲ့ ကုမ္ပဏီရဲ့ငွေစာရင်းကို လွှဲခိုင်းတာပါ။ အဲ့ဒီငွေစာရင်းတွေကို ကျွန်တော်တို့က စာရင်းသမားထားပေး မယ်။ နောက်တစ်ခု ကျွန်တော်တို့က အာမခံချက်တစ်ခုပေးတယ်။ အဲ့ဒီက ရတဲ့ ရန်ပုံငွေကို အဲ့ဒီယာဉ်လိုင်းမှာပဲ သုံးစွဲဖို့။ ဒါပေမယ့် သူတို့ ဒါကို လွှဲပြောင်းမပေးနိုင်ဘူး။ အဲ့တော့ ၉ ရက်နေ့မှ တစ်ကြိမ်၊ ၁၂ ရက်နေ့မှာ တစ်ကြိမ် ခေါ်ပြီးတော့ ညှိနှိုင်းတယ်…မရဘူး။ မရတော့ ကျွန်တော်တို့ ၂၅ ရက်နေ့မှာ အဲ့ဒီယာဉ်လိုင်းရဲ့ စီမံခန့်ခွဲမှုတွေကို ကျွန်တော်တို့ လွှဲပြောင်းယူတယ်”ဟု ကိုတရုတ်လေးက ပြောသည်။

ထိုသို့ နိုဝင်ဘာလ ၂၅ ရက်နေ့က အနောက်ပိုင်းတက္ကသိုလ်ဝင်းအတွင်းရှိ YBS ၂၂ ယာဉ်လိုင်းဂိတ်သို့ သွား ရောက်ခဲ့ရာတွင် YRTA မှ ထိန်းသိမ်းရေးအဖွဲ့နှင့် ထန်းတပင်မြို့နယ်၊ လိပ်ကုန်းရဲတပ်ဖွဲ့ဝင်များလည်း ကိုတရုတ် လေးနှင့်အတူ လိုက်ပါခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့က ကားဂိတ်ထဲရောက်တော့ မူလအစီအစဉ်အတိုင်း ကားတွေမှာ ရှိတဲ့သော့တွေကိုလဲရမှာ။ လဲ ရမှာဆိုတော့ သိထားတာက သော့တွေက ယာဉ်မောင်းဆီမှာ ရှိတယ်ပေါ့။ ဒါပေမယ့် သော့တွေက ကားမောင်းတဲ့ဆရာဆီမှာ မရှိဘူး။ သော့တွေကို ဒီ ၆ ဦးအဖွဲ့ကော်မတီက သိမ်းထားတယ်ပေါ့။ ကားတွေက ငွေသိမ်းပြီးရင် ပြန်ထွက်ရမှာ။ ထွက်ရမှာဆိုတဲ့အချိန်မှာ သော့ကလည်းမရဘူး။ သော့လည်းလဲမယ်ဆိုတော့ ဝန်ထမ်းကလည်း အဲ့ဒီသော့ကို ရိုက်ဖျက်ပစ်လိုက်တာ။ သော့အသစ်အစားထိုးတာပေါ့။ အထဲကငွေကိုလည်း အဲ့ဒီက ယာဉ် မောင်းနဲ့အတူပဲ သိမ်းတာပါ။ သူတို့နှစ်ဦးပဲ ငွေရေကြတယ်။ ပြီးတော့ ငွေသုံးသောင်းကျော် လက်ခံရယူကြောင်း ယာဉ်မောင်းလက်မှတ်နဲ့ ယူတာပေါ့။ ဒါကို ၆ ဦးကော်မတီအဖွဲ့က ယာဉ်ပိုင်ရှင်တွေမသိဘဲ သော့ကို ဖျက်ဆီး ပစ်ပါတယ်ဆိုပြီးတော့ အမှုဖွင့်တာပါ ”ဟု ကိုတရုတ်လေးက ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကိုတရုတ်လေးက ရဲစခန်းတွင် ထွက်ဆိုချက်ပေးထားပြီးဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ၂၂ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်များဖြင့် အစည်းအဝေးပြုလုပ်ပြီး ယာဉ်ပိုင်ရှင်များ ယုံကြည်ရ သည့် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခဲ့ကာ ယင်းကိုယ်စားလှယ်နှင့် Power Eleven အများပိုင်ကုမ္ပဏီမှ ဒါရိုက်တာတစ်ဦးတို့ ငွေစာရင်းများအား Joint Account ဖွင့်ရန် လက်ရှိတွင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီသည် နိုဝင်ဘာ ၈ ရက်နေ့ညပိုင်းအစည်းအဝေးတွင် တိုင်ကြားစာများကိစ္စ၊ ယာဉ်များခွင့်ပြုချက်မရှိဘဲ ထပ်မံတိုးဆွဲခြင်းကိစ္စ၊ ဝန်ဆောင်မှုမပေးနိုင်ခြင်းကိစ္စနှင့် စည်းကမ်းချိုးဖောက်မှုပိုင်း ဆိုင်ရာကိစ္စရပ်များကြောင့် YBS တာဝန်ယူနေသည့် ကုမ္ပဏီတစ်ခုအဖြစ်မှ YRTA မှ ရပ်စဲလိုက်ခြင်းဖြစ်ပြီး ယင်းကုမ္ပဏီရှိ ယာဉ်လိုင်း ၅ လိုင်းအနက် ၂၂ ယာဉ်လိုင်းနှင့် ၄၁ ယာဉ်လိုင်းကို Power Eleven ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲခွင့်ပေးခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required