သန်လျင်ရှိ ဇာမဏီဆည် ကျိုးပေါက်၍ လူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ

သန်လျင်ရှိ ဇာမဏီဆည် ကျိုးပေါက်၍ လူများ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရ
ဓာတ်ပုံ- ဦးနေလင်းအောင်

ရန်ကုန်၊နိုဝင်ဘာ၂၈ ။                ။ သန်လျင်မြို့နယ်ရှိ စက်မှုဇုန်အား ရေပေးဝေနေသည့် ဇာမဏီဆည်သည် ယနေ့  နိုဝင်ဘာလ ၂၈ ရက် မနက် ၆နာရီခန့်တွင် ကျိုးပေါက်ခဲ့မှုကြောင့် လူအများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

"ဒီမနက်က အဲဒီဇာမဏီဆည်ရဲ့တာဘောင် စပြီးတော့ကျိုးတာဗျ၊ စဖြစ်ကာစကတော့ ၃၊ ၄ ပေလောက်ပေါ့၊ နောက်တော့ တဖြည်းဖြည်းတိုက်စားပြီးတော့ ၁၅ ပေလောက် ဖြစ်သွားတာ၊ ၆နာရီကျော်လောက် စဖြစ်တာ ခင်ဗျ"ဟု သန်လျင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောသည်။

သန်လျင်မြို့နယ်၊ ထမလုံကျေးရွာအနီးတွင် တည်ရှိသည့် ဆည်ဖြစ်ပြီး  ယနေ့ ဆည် ကျိုးပေါက်ကာ ရေနစ်မြှုပ်မှုကြောင့် အိမ်ခြေ ၁၀၀ ခန့် ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

"ဆည်က အဓိကက စက်မှုဇုန်မှာရှိတဲ့ သူတို့လိုအပ်တဲ့ဟာကို ဒီကနေရေထောက်ပံ့ပေးတာပေါ့"ဟု သန်လျင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ဆိုသည်။

လတ်တလောတွင် သောက်သုံးရေရရှိနိုင်ရန် အလှူရှင်များနှင့်ချိတ်ဆက်ကာ စီစဉ်ဆောင်ရွက်နေပြီး ပရဟိတအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့များ၊ ပြည်သူများ၊ ဌာနဆိုင်ရာများစုပေါင်းကာ   ရေကာတာကို ပြန်လည်ပြုပြင်နိုင်ရန် ဆောင်ရွက်နေကာ လက်ရှိအချိန်တွင် အဆိုပါ ဇာမဏီဆည်၏ တာဘောင်အားပိတ်ဆို့ရန်အတွက် စက်ယန္တယားများနှင့် လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်သည်။

အဆိုပါကိစ္စကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြုရေး၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးဟန်ထွန်းထံ အကြောင်းကြားထားပြီး ဝန်ကြီးလာရောက်စစ်ဆေးခဲ့သည်။

အဆိုပါဆည်သည် ပဲခူးမြစ်ကို အခြေပြုကာ တည်ဆောက်ထားပြီး သန်လျှင်စက်မှုဇုန်ကို အဓိက ရေးပေးဝေနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required