NEWS FLASH:  မင်းဘူးမြို့အနီး တပ်မတော်တိုက်လေယာဉ် ပျက်ကျ

YOPE ရုပ်/သံ Mizzima English

အကန့်အသတ်တွေကို ကျော်လွှားနေတဲ့ မြန်မာ့ အမျိုးသမီးများ

.

အမျိုးသမီးတစ်ယောက် စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်၊ ကဏ္ဍတစ်ခုခုမှာပဲဖြစ်ဖြစ် အောင်မြင်တိုးတက်ဖို့ဆိုတာ ဘက်ပေါင်းစုံက လိုအပ်ချက်တွေ များပြားလှပါတယ်။ အထူးသဖြင့် အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်အနေနဲ့ ကြုံတွေ့ရင်ဆိုင်ရမယ့် အခက်ခဲတွေကတော့ ပိုပြီးများပါတယ်။ ဒီလို အတားအဆီး အခက်ခဲတွေကြားထဲက စီးပွားရေးနယ်ပယ်ထဲမှာ အမျိုးသားတွေနဲ့ တန်းတူ ရင်ဘောင်တန်း ရပ်တည်နေတဲ့ အမျိုးသမီးများစွာလည်း ရှိပါတယ်။

စီးပွားရေး လုပ်ငန်းကို လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးအများစု ကတော့ မိသားစုအချိန်၊ အလုပ်အချိန် မိဘကို ကြည့်ရှုစောင့်ရှောက်ရမယ့် အချိန်ရယ်လို့ ကိုယ်ပိုင်အချိန်ကို လျော့ချပီး ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ မြန်မာ့ လူ့ဘောင်မှာ ဘယ်လိုအခက်အခဲတွေရှိတယ်ဆိုတာကို ရှင်းပြလာသူကတော့ Peace Smile Land Travels & Tours ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ မမေညိုဖြစ်ပါတယ်။

“ဥပမာ မိဘပေါ့နော် မိဘကိုလည်းပြန်ပြီးတော့ ကြည့်ရှုစောင့်ရှောက်ရမယ်။ အမျိုးသားတွေလည်း စောင့်ရှောက် ပါတယ်။ သို့သော် အမျိုးသမီးတွေက ပိုပြီးတော့လေ အမျိုးသမီး တစ်ယောက်အနေနဲ့ မိဘကို ကြည့်ရှုစောင့်ရှောက်မှု မိခင် တစ်ယောက်အနေနဲ့ သားသမီးကို ကြည့်ရှုစောင့်ရှောက်ရမယ့်အမှု ဇနီးမယားတစ်ယောက်အနေနဲ့ ကိုယ့် အိမ်ထောင်ဖက်ကိုပေါ့ ပြန်လည်ပြီးတော့ ကြည့်ရှုစောင့်ရှောက်ပေးခြင်းပေါ့နော် အပေးအယူ လုပ်ပေးရမယ် နားလည်မှုတွေ လုပ်ပေးရမယ်။ ဆိုတဲ့ နေရာမျိုးလေးတွေကြတော့ ကျမတို့ လုပ်ငန်းခွင်အတွက် တချို့သော အကြောင်းအရာတွေမှာ အခက်ခဲလေးတွေဖြစ်တတ်ပါတယ်” လို့ဆိုပါတယ်။

ခရီးသွား ကုမ္ပဏီ တစ်ခုကို အောင်အောင်မြင်မြင် လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင် မမေညိုပြောခဲ့တာ ဖြစ်ပါတယ်။ သူဟာ မိခင်တစ်ဦးအဖြစ်၊ ဇနီးမယား တစ်ယောက်အဖြစ် သမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ အိမ်ထောင်သည် အမျိုးသမီး တစ်ယောက်အနေနဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်ဖို့ အိမ်ထောင်ဖက် အမျိုးသားနဲ့ နားလည်မှုရယူထားပြီး လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်မယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ အဖက်ဖက်ကနေ ကြိုတင်ပြင်ဆင်ရမယ့် ကိုယ်ရည်ကိုယ်သွေးတွေ လိုအပ်ပြီး မိမိဆန္ဒရှိတဲ့ အရာ လုပ်လိုတဲ့ အရာတွေကိုလည်း အသက်အရွယ် အပိုင်းအခြားလိုက် သိနေဖို့ လိုအပ်တယ်လို့သူက အကြံပြုပါတယ်။

“ကိုယ့်ရဲ့ ပညာရေးကို ကိုယ်ဘယ်လိုဖြည့်ဆည်းမလဲ ကိုယ်ဘယ်လိုပြင်ဆင်မလဲ နောက်လေ့လာမှုပေါ့နော် ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ။ ကိုယ်ဘာဖြစ်ချင်တာလဲ ပတ်ဝန်းကျင် ဘာတွေဖြစ်နေလဲ ပတ်ဝန်းကျင်က ဘယ်လိုမျိုးဆိုရင် လက်ခံလဲ နောက်ပီးတော့ အခက်ခဲတွေ ရှိလာတဲ့အခါမှာ ကိုယ်ကဘယ်လိုပုံစံမျိုးနဲ့ ကျော်လွှားမလဲ ဆိုတဲ့ဟာတွေ ရှိပါတယ် ဒီတော့ ဒီဟာတွေကို အလုပ်လုပ်လာမယ့် အမျိုးသမီးငယ်လေးတွေပေါ့ အခုချိန်ကစပြီး  အလုပ်လုပ်ဆဲ အမျိုးသမီးတွေရော အလုပ်လုပ်လာမယ့်အမျိုးသမီး ငယ်လေးတွေ ဒါတွေကို ရင်ကို ရင်ဆိုင်လာရမှာ သို့သော် သူတို့ကို  အားပေးစကားပြောချင်တာက အချိန်ကာလ တစ်ခုဆိုတာလည်း ရှိပါတယ်။ တချို့က အရမ်း ဆန္ဒစောပြီးတော့ အရမ်း Jump အရမ်းလုပ်လိုက်ချင်တဲ့ အခါမှာ ဟာသွားတတ်တယ်ပေါ့နော်။ ဟာသွားတဲ့အချက်တွေမှာ အခက်ခဲတွေ တွေ့တတ်တယ်။ ဆိုတော့လေ Step by Step ပေါ့နော်။ အခြေခိုင်အောင် ကောင်းအောင်လုပ်ပါ” လို့ အကြံပေးပါတယ်။

ဒီလို စီးပွားရေးလုပ်ငန်း နယ်ပယ်မှာ အောင်အောင်မြင်မြင် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ အခက်ခဲတွေ  ကြိုးစားခဲ့ရတာတွေနဲ့ ပတ်သက်ပြီး သြစတြေးလျ မြန်မာကုန်သည်ကြီးများ အသင်းက ပြုလုပ်တဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်နဲ့ ခေါင်းဆောင် ပိုင်းနေရာတွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ အရည်အသွေး ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်ကျင်းပတဲ့ ဆွေးနွေးပွဲကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ Rose Garden Hotel မှာ နိုဝင်ဘာလ ၂၅ ရက်နေ့က တစ်ရက်တာကျင်းပခဲ့ပါတယ်။

ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ ဒီဆွေးနွေးကိုတော့ နယ်ပယ်အသီးသီး ကဏ္ဍအသီးသီးက စီးပွားရေုးလုပ်ငန်း လုပ်ကိုင်ကြမယ့် အမျိုးသမီးငယ်လေးတွေ နဲ့ အမျိုးသမီးတွေကို စိတ်ဓါတ်ထက်သန်လာစေဖို့ ရည်ရွယ်တာပါ။ ဒီဆွေးနွေးပွဲမှာ မြန်မာအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ Aust Cham Myanmar ရဲ့ Director ဖြစ်သူ မခင်ချောစုက ပြောပါတယ်။

“တချို့အမျိုးသမီးတွေကျတော့ သူတို့က Business ကို စိတ်ဝင်မစားကျဘူး။ တချို့က Professional ဖြစ်တယ်။ ဆိုတော့ Professional အနေနဲ့ သူတို့ရဲ့ Career ကို ဘယ်လိုမျိုး ပြုစုပျိုးထောင်ပြီးတဲ့အခါကျတော့ Organization တစ်ခုမှာ ရာထူးကြီးကြီး မန်းနေဂျင်း ဒါရိုက်တာပဲဖြစ်ဖြစ် အသက်ကြီးတဲ့ အခါကျရင်တော့ Board  မှာ Independent Director ပဲဖြစ်ဖြစ် ထိုင်နိုင်တဲ့အရည်အချင်း ရှိအောင် ဘယ်လိုမျိုး ကြိုးစားရမလဲဆိုတဲ့ ဆွေးနွေးရအောင်ဆိုတဲ့ တချို့ကျတဲ့အခါကျတော့ Entrepreneur (စွန့်ဦး တီထွင်သူ) ဖြစ်ချင်တယ်။ Entrepreneur သူတို့ကျတော့ လိုအပ်ချက်က မတူဘူး။ အမျိုးသမီးတွေထဲက သူတို့ရဲ့ အခက်ခဲတွေ အဲဒီ့အခက်ခဲတွေ ဘယ်လိုမျိုး ကျော်လွှားရမယ်။ အဲဒီ့အခက်ခဲတွေထဲက ဘယ်လိုမျိုးရှင်သန်ခဲ့ရတယ်။ ဘယ်လိုမျိုး အချိန်ကာလတစ်ခုမှာ မရရအောင် သူတို့ရဲ့ ကုမ္ပဏီတွေကို မတည် ထူထောင်ခဲ့ရသလဲဆိုတာလဲ အမတို့ဆွေးနွေးခဲ့ပါတယ်။” လို့ ပြောပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသမီးတွေ  စိုးရိမ်ကြောက်ရွံ့နေတာတွေ လျော့ကျသွားအောင် စိတ်ဓါတ်အင်အား တက်စေမယ့် စကားတွေနဲ့ အားဖြည့်ပေးခဲ့တဲ့ မယုဝေမောင် (ကမ္ဘောဇဘဏ်၊ Head of CSR) ကတော့ ခုခေတ်ခုချိန်မှာတော့ အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ဝင်ရောက်ဖို့ ပိုပြီးလိုအပ်လာတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ လုပ်ငန်းခွင်ထဲ ဝင်ရောက်ဖို့ အဖက်ဖက် က တားဆီးနေတဲ့ အခက်ခဲတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ဖြည့်ဆည်းပေးနေတဲ့ ကုမ္ပဏီ တချို့လည်း ရှိလာနေပြီလို့ဆိုပါတယ်။

“မြန်မာနိုင်ငံမှာလည်း ကြည့်မယ်ဆိုလို့ရှိရင် အမျိုးသမီးတွေက အလုပ်လုပ်ဖို့ ပိုပြီးတော့ အချိန်ထဲ ရောက်လာတယ်။ ပိုပြီးတော့လည်း လိုအပ်လာတယ်လို့ ထင်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေက မရှိတဲ့ငွေထဲကနေ ရှိအောင်လုပ်ပြီးတော့ သူတို့က အဆင်ပြေအောင် ဆောင်ရွက်တတ်တယ်။ အဲဒီတော့ ကိုယ့်ဘက်မှာ Positive Site တွေအများကြီးပါပဲ ဒါပေမယ့် ဒီအမျိုးသမီးတွေ အပြင်မှာထွက်ပြီး အလုပ်လုပ်ဖို့ အဆင်မပြေဘူး ဖြစ်နေတယ်ဆိုတာကလည်း အိမ်မှာက အပြင် မထွက်စေချင်တာတို့ မိုးချုပ်မှာကို ကြောက်တာတို့ ဒါမျိုးတွေကတော့ ခုထိရှိနေတုန်းပဲ အဲ့ဒီလိုဖြစ်တဲ့အတွက်ကြောင့် ဒီ Employer (အလုပ်ရှင်) က အခုဆိုလို့ရှိရင်လည်း ကြိုပို့ Service တွေကိုလည်း ဆောင်ရွက်ပေးတယ်။ အဆင်ပြေအောင်  ပြီးတော့ Day care တွေပေါ့နော် သားသမီးတွေရှိတယ် ကလေးငယ်လေးတွေ ရှိတယ်ဆိုလို့ရှိရင်လည်း Provide လုပ်ပေးတာရှိတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေ  ရင်ဆိုင်နေရတဲ့ အခက်ခဲတွေ စိန်ခေါ်မှုတွေကို အမျိုးသားတွေက နားလည် သဘောပေါက်ပြီး အမျိုးသမီးတွေရဲ့ အသံကိုထုတ်ဖော်တဲ့ ဆွေးနွေးပွဲတွေ အခမ်းအနားတွေမှာလည်း အမျိုးသားတွေက ပူးပေါင်းပါဝင်ဖို့ လိုအပ်လို့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါက်တာ ဒေါ်သက်သက်ခိုင်က သတိပေးပါတယ်။

“အမျိုးသားတွေက သူတို့နဲ့ဆိုင်တယ်လို့ မထင်ဘူး။ အဲဒါက ကျမတို့ရဲ့ ပြဿနာဖြစ်နေတယ်။ အဲဒါကျတော့ အမျိုးသားတွေဆီကို ဒီ Information ရောက်အောင် ကျမတို့ ဘယ်လိုလုပ်မလဲ အဲဒါက ကျမတို့အတွက် စိန်ခေါ်မှု တစ်ခုဖြစ်တယ်။ အမျိုးသားတွေ နားထဲကိုရောက်ရမယ်။ သူတို့ လက်ခံလာရမယ်။ အမျိုးသမီး အခွင့်အရေး တောင်းတာသည် အမျိုးသားတွေထက် သာလွန်တဲ့ အခွင့်အရေးကို တောင်းနေတာမဟုတ်ဘူး။ ဒါပေမယ့် ဒီ Institution တွေမှာ အမျိုးသမီးတွေကို ဒီလိုအခွင့်အရေးလေးမှ မပေးလို့ရှိရင် မတူညီတဲ့ သဘောသဘာဝရှိတယ်။ ဒီလို အခွင့်အရေးမှမပေးရင် အမျိုးသမီးတွေမှာ နစ်နာမှုတွေရှိတယ်ပေါ့။ ဥပမာ ထားပါတော့ အမျိုးသားနဲ့ အမျိုးသမီး ကျောင်းအတူတူပြီးတယ် အလုပ်အတူတူဝင်တယ် ဒါပေမယ့် အမျိုးသားက အိမ်ထောင်ကျသွား ပေမယ့်လည်း သူ့ Career မပျက်ဘူးလေ အမျိုးသမီးကျတော့ တချိန်ကျ  သားသမီးမွေးရတယ် ကလေးကြည့်ရတယ်ဆိုတဲ့ အခါကျတော့ တခါတလေ Career Drop Out ဖြစ်သွားတယ်။” လို့ ပြောပါတယ်။

သြစတြေးလျ မြန်မာ ကုန်သည်ကြီးများ အသင်းက ပြုလုပ်တဲ့  စီးပွားရေးလုပ်ငန်းနယ်ပယ်နဲ့ ခေါင်းဆောင် ပိုင်းနေရာတွေမှာ လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ အရည်အသွေး ဖွံ့ဖြိုးတိုးတက်ဖို့ ကျင်းပတဲ့ ဒီဆွေးနွေးပွဲကိုတော့ နယ်ပယ်စုံ ကဏ္ဍစုံအသီးသီးက အမျိုးသမီး ၆၀၀ ကျော်တတ်ရောက်ခဲ့ပြီး အမျိုးသားတစ်ချို့ပါ စိတ်ဝင်တစား တတ်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ စိတ်ဓါတ်ခွန်အား၊  စီးပွားရေးနဲ့ ခေါင်းခေါင်မှု၊ ပြည်တွင်းစွန့်ဦးတီထွင် အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲနဲ့စိန်ခေါ်မှု၊ လူငယ်ဝန်ထမ်း ခန့်အပ်ထားမှု ၊ ကျားမ တန်းတူညီမျှရေး၊  မီဒီယာနဲ့ ဈေးကွက်မြင့်တင်မှု၊ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့တာ တွေ့ရပါတယ်။