ပုပ်ရဟန်းမင်းကြီး ကို သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများကြိုဆို

ပုပ်ရဟန်းမင်းကြီး ကို သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများကြိုဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊နိုဝင်ဘာ၂၇ ။           ။ ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ငြိမ်းချမ်းရေးခရီးစဉ်အတွက် ယနေ့နိုဝင်ဘာ၂၇ရက်နေ့ နေ့လည်၁နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို   ရောက်ရှိလာခဲ့သည်။

ပုပ်ရဟန်းမင်းကြီးလေဆိပ်မှ ဗိုလ်တစ်ထောင်မြို့နယ်အထိ စိန်မေရီကပ်သလစ်ဘုရားကျောင်းကို သွားရောက်သည့်လမ်းတစ်လျှောက်၌လည်း စုရပ်(၆)ခုထားရှိပြီး ဒေသအသီးသီးမှ တိုင်းရင်းသားများအပါအဝင် သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများ လာရောက်ကြိုဆိုခဲ့ကြသည်။

ယခုကဲ့သို့ ကြိုဆိုကြသူများထဲတွင် ဝေးလံခေါင်ဖျား တိုင်းရင်းသားဒေသများမှ လာရောက်သူများ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဘာသာဝင်မဟုတ်သူများလည်း ပါဝင်ခဲ့သည်။

“ဒီဟာကကျွန်တော်တို့ဘာသာရေးရဲ့ အထွဋ်မြတ်ပုဂ္ဂိုလ်ပေါ့ အဲဒါကြောင့်မို့ကိုကျွန်တော်တို့က မဖြစ်မနေဒီလိုမျိုးထိကိုတက်လာပြီးတော့ လာဖူးဖို့ တွေ့ဖို့အတွက်ကိုလာတာပေါ့”ဟု ကျိုင်းတုံမြို့နယ်က လာရောက်သူ ကိုလုကာ ကပြောသည်။

ပုပ်ရဟန်းမင်းကြီးကိုတွေ့ဆုံရန်နှင့် ကြိုဆိုရန်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့မှ လာရောက်သူ ဒေါ်ဂျာရန်ရန်က ကချင်ပြည်နယ်တစ်ပြည်လုံး ငြိမ်းချမ်းစေချင်ကြောင်း ပြောသည်။

“ဖားကန့်ကနေ မြစ်ကြီးနားတစ်ဆင့် မြစ်ကြီးနာကနေ မန္တလေးတစ်ဆင့် မန္တလေးကနေ ရန်ကုန်တစ်ဆင့် တစ်သက်လုံးမှာတစ်ခါမှမကြံုဖူးတော့ အရမ်းဝမ်းသာတယ် ဘုရားလာဖူးတာပါ အန်တီတို့က”ကချင်ပြည်နယ် ဖားကန့်မြို့မှ လာရောက်သူ ဂျာရန်ရ်က ဆိုသည်။

ယနေ့တွင် စိန်မေရီကပ်သလစ်ဘုရားကျောင်းဝင်းရှိ ဂိုဏ်းချုပ်ဆရာတော်၏ အိမ်တော်၌ ပုပ်ရဟန်းမင်းကြီး နားနေမည်ဖြစ်ပြီး နိုဝင်ဘာ၂၈ရက်နေ့တွင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့် နေပြည်တော်သို့သွားရောက်တွေ့ဆုံရန် စီစဉ်ထားသည်။

၄င်းနောက် နိုဝင်ဘာ၂၉ရက်နေ့တွင် ရန်ကုန်၊မြို့ ကျိုက္ကစံကွင်း၌ ဝတ်ပြုဆုတောင်းပွဲပြုလုပ်သွားရန်စီစဉ်ထားပြီး ဘာသာစုံမှ ပရိတ်သတ်များ၊ ဌာနဆိုင်ရာများမှပုဂ္ဂိုလ်များ ပါဝင်ရန်စာရင်းပေးသွင်းထားသည်ဟုလည်း ပြန်ကြားရေးတာဝန်ခံ ဖာသာစိုးနိုင်မှ မဇ္စျိမကို ဖြေကြားခဲ့ဖူးသည်။

ရန်ကုန်မြို့တွင် နိုဝင်ဘာလ၃၀ရက်နေ့၌လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပုပ်ရဟန်းမင်းကြီးဖရန့်စစ်သည် ၂၀၁၃ခုနှစ်တွင် ရိုမန်ကက်သလစ် သာသနာတော်၏ ၂၆၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီးဖြစ်လာခဲ့သည်။ ကပ်သလစ်ဘာသာဝင်များ၏ ခေါင်းဆောင်တစ်ဦးဖြစ်သကဲ့သို့ ဗာတီကန်နိုင်ငံကိုအုပ်ချုပ်နေသော ဘုရင်တစ်ပါးလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required