ဘဏ်ပိတ်သိမ်း ကောလာဟလ နိုင်ငံရေး အရလည်း ဖြစ်နိုင်၊ ကျပ်တည်းလျင် ဗဟိုဘဏ် ကချေးပေးနိုင်

ဘဏ်ပိတ်သိမ်း ကောလာဟလ နိုင်ငံရေး အရလည်း ဖြစ်နိုင်၊ ကျပ်တည်းလျင် ဗဟိုဘဏ် ကချေးပေးနိုင်

သြဂုတ် ၁၉ ရက် ။         ။ ဘဏ်အချို့ပိတ်သိမ်းမည်ဟု ကောလာဟလများ ဖြန့်ခြင်းသည် ဘဏ်လုပ်ငန်းမဟုတ်သည့် စီးပွားရေးသမား များက လုပ်ဆောင်ခြင်းဖြစ်နိုင် သကဲ့သို့ နိုင်ငံရေးအရ လည်းဖြစ်နိုင် သည်ဟု ကမ္ဘောဇ Group of Companies မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးမိုးဆန်းအောင်က သြဂုတ် ၁၈ သတင်းစာရှင်းပွဲတွင် ပြောသည်။

ဘဏ်လုပ်ငန်းသည် ပြိုင်၍မရသည့်လုပ်ငန်းစဉ်ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ပြီး ဘဏ်လုပ်ငန်းနှင့်ငွေကြေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးနှင့်တိုက်ရိုက်ပတ်သက်နေသည့် လုပ်ငန်းဖြစ်သည် ဟု ၎င်းကဆိုသည်။

"တစ်ချို့က ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်ကြတာမျိုးရှိပြီး လူမှုကွန်ရက်ကနေ ဖြန့်တာမျိုးတွေဖြစ်လာပါတယ်။ ဒီလိုလုပ်တာဟာ ဘဏ်လုပ်ငန်းမဟုတ်တဲ့ စီးပွားရေး သမားတွေဖြစ်နိုင်သလို နိုင်ငံရေး အရလည်းဖြစ်နိုင်တယ်လို့ ယူဆပါတယ်။" ဟု ဦးမိုးဆန်းအောင်က ပြောသည်။

"ဒါမျိုးတွေကို ဗဟိုဘဏ်အနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး အရေးယူသွားရင် မီးစကို ငြှိမ်းသလို ဖြစ်ပြီး နောင်မှာ ဒါမျိုးတွေ နည်းပါးသွားလိမ့်မယ်လို့ ယူဆပါတယ်။" ဟုလည်း ဆက်ပြော သည်။

သြဂုတ် ၁၆ နှင့် ၁၇ ရက်များတွင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဘဏ်အချို့ပိတ်တော့မည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတင်းစာရှင်းလင်း ပွဲ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးဆက်အောင်ကလည်း ဘဏ်တစ်ချို့ပိတ်သိမ်းသည်ဆိုသည့် သတင်းမှာ ကောလာဟလများသာဖြစ်ပြီး ဗဟိုဘဏ်က မည်သည့်ဘဏ်ကိုမျှ ပိတ်သိမ်းရန် အစီအစဉ်မရှိဟု ပြောသည်။

"ဘဏ်တွေအားလုံးကလည်း ကျွန်တော်တို့ ဗဟိုဘဏ်ရဲ့ စိစစ်မှုအောက်မှာ အကုန်လုံးရှိနေပါတယ်။" ဟု ဦးဆက်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် လုပ်ကိုင်နေသော ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၂ ခုရှိပြီး၊ ဗဟိုဘဏ်သို့ နေ့စဉ်ရောက်ရှိလာသော ဘဏ်များမှ ပေးပို့သည့်စာရင်းဇယား အချိုးများအရ ငွေကြေး အကျပ်အတည်းကြုံနေရသည့်ဘဏ်ဟူ၍မရှိဟု သိရသည်။

ယခုကဲ့သို့သော ကောလာဟလများကြောင့် ဘဏ်လုပ်ငန်းအနေဖြင့် ငွေကြေးအကျပ်အတည်းဖြစ်ပေါ်လျင် Interbank Market မှ ငွေချေး၍ရသည်ဟု ဗဟိုဘဏ် ဒုတိယဥက္ကဌကပြောသည်။ "Interbank Market ကလည်း ချေးလို့မရဘူး၊ တစ်ခြားဘဏ်တွေကလည်း ပေးလို့မရဘူးဆိုရင်တောင် ပူစရာမလိုပါဘူး။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လိုအပ်တဲ့ငွေကို ချေးပေးမှာဖြစ်ပါတယ်။" ဟု ၎င်းကပြောသည်။

ယခုကာလတွင် အီလက်ထရွန်နစ်အက်ဥပဒေရှိနေပြီဖြစ်သဖြင့် ကောလာဟလကြောင့် နစ်နာမှုများဖြစ်လျင် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ဌာနများကို တင်ပြတိုင်ကြား၍ ဆက်သွယ်ဆောင် ရွက်ခွင့် ရှိသည်ဟု ဗဟိုဘဏ် ငွေရေးကြေးရေးနှင့် သတင်းစစ်ဆေးရေးနှင့် လေ့လာရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက သတင်းစာရှင်းပွဲတွင် ပြောသည်။

Ref; Myanma Alinn Daily

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required