ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်း မသုံးရန် ပုပ်ရဟန်းမင်းကြီးကို ရန်ကုန် ခရစ်ယာန်ဂိုဏ်းချုပ် တိုက်တွန်း

ရိုဟင်ဂျာ ဟူသည့် အသုံးအနှုန်း မသုံးရန် ပုပ်ရဟန်းမင်းကြီးကို ရန်ကုန် ခရစ်ယာန်ဂိုဏ်းချုပ် တိုက်တွန်း

နိုဝင်ဘာ ၂၇ ။             ။ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း မသုံးဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို ရန်ကုန် ခရစ်ယာန်ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ် မောင်ဘိုက အကြံပြုတိုက်တွန်းခဲ့ပါတယ်။

သို့ပေမယ့်လည်း ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးအသုံးအနှုန်းကို လူသိရှင်ကြား တွင်တွင် သုံးဖို့ ပုပ်ရဟန်းမင်းကြီးကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

သြဂုတ်လအတွင်း ရခိုင်ပြည်နယ်ကနေ ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်ဆလင်တွေ ထွက်ပြေးသွားကြတဲ့ သတင်းတွေနဲ့ပတ်သက်လို့  ပြောဆိုရာမှာတော့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က " ကျွန်ုပ်တို့ရဲ့  ရိုဟင်ဂျာ ညီအကိုများ အတွက် ဆုတောင်းပေးကြရအောင်" ဆိုပြီး ပြောကြားထားခဲ့ပါတယ်။

" သူတို့တွေကို ကယ်တင်ဖို့ ဘုရားသခင်ဆီမှာ ကျွနု်ပ်တို့ ဆုတောင်းကြပါစို့၊ သူတို့တွေကို ကူညီမယ့်၊ သူတို့ရဲ့ အခွင့်အရေးတွေကို အပြည့်အဝပေးကြမယ့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ပေါ်ထွက်လာဖို့ ဆုတောင်းကြပါစို့" ဆိုပြီး ပုပ်ရဟန်းမင်းကြီးက ဗာတီကန်စီးတီးက စိန့် ပီတာ ရင်ပြင်မှာ တက်ရောက်လာကြသူ ခရစ်ယာန်အသင်းဝင်တွေကို မြွက်ကြားခဲ့ပါတယ်။

လက်ရှိကာလမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ဘင်္ဂါလီ အရေးကိစ္စကို နိုင်ငံတကာလူသားချင်းစာနာမှု အကျပ်အတည်းကိစ္စရပ်အဖြစ် ပြောဆိုမှုတွေ ရှိနေချိန်မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ၎င်းရဲ့ပထမဆုံးသော မြန်မာနိုင်ငံခရီးစဉ်ကို နိုဝင်ဘာ ၂၇ ရက်မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာအစိုးရ တရားဝင်သတ်မှတ်ထားတဲ့ တိုင်းရင်းသားမျိုးနွယ်စုစာရင်းမှာ မပါ၀င်တဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်ဆလင် ၆၀၀,၀၀၀ ကျော်ကတော့ ပြီးခဲ့တဲ့ ကာလတွေအတွင်းက ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေလုပ်ဆောင်ခဲ့ချိန်မှာပဲ မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ မကြာခဏဆိုသလို ဘင်္ဂါလီ (ရိုဟင်ဂျာ) တို့အတွက် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောထားခဲ့ပါတယ်။

" အများကောင်းမှုအတွက် သဟဇာတရှိစွာ ပူးပေါင်းလုပ်ဆောင်ပေးမယ့် ကြိုးပမ်းအားထုတ်မှုတွေအတွက် လေးစားမှု၊ အားပေးမှု စိတ်ဆန္ဒနဲ့ နိုင်ငံကို သွားရောက်ပါမယ်" ဆိုပြီး ပုပ်ရဟန်းမင်းကြီး က ဗီဒီယိုမက်ဆေ့ချ်တစ်ခုမှာ ပြောထားပါတယ်။

" ရိုဟင်ဂျာ အသုံးအနှုန်းကို သူ သုံးသင့်ပါတယ်၊ လူသိရှင်ကြားကို သုံးသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ ဘင်္ဂါလီ (ရိုဟင်ဂျာ)တွေက သူတို့ရဲ့ identity ကိုယ်ပိုင်လက္ခဏာကလွဲလို့ ဘာမှ သိပ်မရှိကြလို့ပါ" လို့ Human Rights Watch က အာရှရေးရာ ဒုတိယဒါရိုက်တာ Phil Robertson က ပြောပါတယ်။

" သူတို့ ကြံုတွေ့နေရတဲ့ အခက်အခဲတွေကြောင့် သူတို့ရဲ့ identiy ကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖော်ထုတ်ခြင်းက အရေးကြီးတယ် ဆိုတဲ့အခွင့်အရေးကို ဖမ်းဆုပ်ရမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အနေနဲ့ မြန်မာနိုင်ငံမှာ သုံးရက်ကြာ ရှိနေမှာ ဖြစ်ပြီး ယင်းနောက် ဘင်္ဂလားဒေ့ရှ်ကို နှစ်ရက်တာ သွားရောက်မှာ ဖြစ်ကာ ယင်းမှာတော့ ဒါကာမှာ ရှိတဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည် အနည်းစုနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာကိစ္စကို အထူး ရှေ့တန်းမတင်ဘဲ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကို အလေးပေးထုတ်ဖော်ဖို့၊ နိုင်ငံမှာ အခွင့်အရေးတွေ ရဖို့  ကြိုးပမ်းနေကြတဲ့ လူနည်းစု မျိုးနွယ်စုတွေကိုလည်း ပြန်လည်သင့်မြတ်စေရေး ဟော်ပြောပေးဖို့ကိုပဲ ပြည်တွင်းကက်သလစ် ခေါင်းဆောင်တွေက ဆန္ဒရှိနေကြပါတယ်။

" သူ့အနေနဲ့ အားလုံးအနက်က မျိုးနွယ်စုတစ်ခုတည်းကိုပဲ ရွေးထုတ်ဟောပြောမှာ မဟုတ်ဘူးလို့တော့ ထင်ပါတယ်၊ ယေဘုယျအားဖြင့်တော့ မတူညီကြတဲ့ လူအုပ်စုတွေ စုစည်းညီညွတ်ကြဖို့၊ အစိုးရကိုလည်း ငြိမ်းချမ်းရေးအတွက် ဆက်ကြိုးစားဖို့ပဲ သူတိုက်တွန်း ဟောပြောကောင်း ဟောပြောနိုင်ပါတယ်" လို့ မန္တလေးမြို့ ခရစ်ယာန်ဂိုဏ်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Paul Zinghtung Grawng က ပြောပါတယ်။

"ဒီနိုင်ငံမှာ ဘာတွေ ချို့ယွင်းနေလဲ ၊ ဘာတွေလိုအပ်နေလဲ ပြောဖို့ထက် လက်ရှိအခိုက်အတန့်မှာ ဖြစ်ပေါ်နေတဲ့ အပြုသဘောဆောင် ခြေလှမ်းတွေကိုပဲ ပိုမိုအားပေးအတည်ပြုပေးသွားရမှာ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံမှာ  ဘာသာရေး တင်းမာမှုတွေ မြင့်တက်သွားနိုင်တဲ့ အခြေအနေမျိုး မဖန်တီးသင့်ကြောင်း တစ်ချို့ကလည်း ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဘင်္ဂါလီ (ရိုဟင်ဂျာ) လိုမျိုး အထိမခံတဲ့ ကိစ္စကို အားကောင်းမောင်းသန် ပြောဟောလာခဲ့မယ်ဆိုပါက ယင်းအတွက်ကြောင့် လူအများရဲ့ တုန့်ပြန်မှုကို ပိုမိုနှိုးဆွသလို ဖြစ်သွားစေနိုင်မယ့်အပေါ် မြန်မာ ကက်သလစ် ခေါင်းဆောင်တွေက စိုးရိမ်နေကြလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required