မက်ဆီ၏ဂိုးကို ခွင့်မပြုခဲ့သည့်နောက် ဗီဒီယိုနည်းပညာအသုံးပြုရန် ဘာစီလိုနာနည်းပြတောင်းဆို

မက်ဆီ၏ဂိုးကို ခွင့်မပြုခဲ့သည့်နောက် ဗီဒီယိုနည်းပညာအသုံးပြုရန် ဘာစီလိုနာနည်းပြတောင်းဆို

 

နိုဝင်ဘာ ၂၇၊ စပိန် ။            ။ ဗလင်စီယာအသင်းနှင့် တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သည့်ပွဲတွင် မက်ဆီ၏ဂိုးကို ကွင်းလယ်ဒိုင်က ခွင့်မပြုခဲ့သည့်နောက် ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက လာလီဂါတွင် ဗီဒီယိုနည်းပညာအသုံးပြုရန် တောင်းဆိုလိုက်သည်။

ထိုပွဲစဉ်တွင် ပွဲချိန်မိနစ် ၃၀ ၌ မက်ဆီ၏ ဧရိယာစည်းအပြင်မှ ကန်သွင်းချက်ကို ဗလင်စီယာဂိုးသမားနီတိုပုတ်ထုတ်ကာကွယ်ခဲ့ရာ ဂိုးစည်းကျော်သွားခဲ့သော်လည်း နီတိုက ဂိုးစည်းထဲမှ ဘောလုံးကို ပုတ်ထုတ်ခဲ့ရာ ကွင်းလယ်ဒိုင်နှင့်စည်းကြပ်ဒိုင် နှစ်ဦးစလုံးက ဂိုးအဖြစ်သတ်မှတ်ပေးခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ဘာစီလိုနာအသင်းမှာ ဦးဆောင်ဂိုးရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

“ဘောလုံးက ဂိုးစည်ကိုကျော်သွားတယ်ဆိုတာ အားလုံးမြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဗီဒီယိုနည်းပညာကို အသုံးပြုသင့်ပါပြီ။ ဒီဂိုးမရခဲ့တာက စည်းကြပ်ဒိုင်ရဲ့အမှားပါပဲ။ ဒီဂိုးမရခဲ့တာကြောင့် ပွဲအခြေအနေ ပြောင်းလဲသွားခဲ့ရတာပါ” ဟု ဘာစီလိုနာနည်းပြ ဗယ်ဗာဒီက ပြောဆိုခဲ့သည်။

ဘာစီလိုနာကွင်းလယ်ကစားသမား ဘက်စ်ကွက်စ်ကလည်း “မက်ဆီရဲ့ကန်သွင်းချက်က ဂိုးသွားတယ်ဆိုတာ အရှင်းကြီးပါ။ ဒါပေမဲ့ ဒိုင်လူကြီးနဲ့စည်းကြပ်ဒိုင်ကတော့ မမြင်ခဲ့ကြပါဘူး။ ကျွန်တော်တို့ ဒီထက်ပိုပြီး အမှတ်ရခဲ့သင့်ပါတယ်”ဟု ပြောဆိုခဲ့သည်။

ချေပဂိုးသွင်းယူပေးခဲ့သည့် ဘာစီလိုနာနောက်ခံလူ ဂျော်ဒီအယ်လ်ဘာကလည်း ဗီဒီယိုနည်းပညာအသုံးပြုရန် တောင်းဆိုသွားခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required