၂၀၁၇ မယ်စကြဝဠာပြိုင်ပွဲ၌ တောင်အာဖရိကအလှမယ်ဒမ်မီလီနယ်လ် သရဖူဆွတ်ခူး

၂၀၁၇ မယ်စကြဝဠာပြိုင်ပွဲ၌ တောင်အာဖရိကအလှမယ်ဒမ်မီလီနယ်လ် သရဖူဆွတ်ခူး

 

အမေရိကန်ပြည်ထောင်စု နီဗားဒါးပြည်နယ် လာ့စ်ဗီးဂတ်စ်မြို့၌ကျင်းပသော ကမ္ဘာတစ်ဝန်းမှ နိုင်ငံကိုယ်စားပြု အလှမယ် ၉၁ဦးခန့် ၀င်ရောက်ယှဉ်ပြိုင်သည့် ၂၀၁၇ မယ်စကြဝဠာပြိုင်ပွဲ၌   တောင်အာဖရိအလှမယ် ဒမ်မီလီနယ်လ်က သရဖူဆွတ်ခူးကာ အနိုင်ရရှိခဲ့ကြောင်း တနင်္လာနေ့တွင် ကြေညာခဲ့သည်။

Planet Hollywood ကာစီနိုအပန်းဖြေရုံကြီးရှိ AXIS ပြဇာတ်ရုံ၌ကျင်းပသော ၆၆ ကြိမ်မြောက် အလှမယ်ပြိုင်ပွဲ၌ ပထမဆုဆွတ်ခူးခဲ့သည့် အသက် ၂၂နှစ်အရွယ် တောင်အာဖရိကအလှမယ်ကို ၂၀၁၆ ခုနှစ် မယ်စကြာဝဠာ ပြိုင်ပွဲ၏အနိုင်ရရှိသူ ပြင်သစ်အလှမယ် အိုင်းရစ်မစ်တန်နေရီက သရဖူလွှဲပြောင်းပေးအပ်ခဲ့သည်။

စီးပွားစီမံခန့်ခွဲမှုပညာရပ်ဘွဲ့ကို မကြာသေးခင်ကရရှိထားသော တောင်အာဖရိကအလှမယ်လေးသည် ပြိုင်ပွဲ၌ သူမ၏ အလှတရား၊ ကျက်သရေရှိမှုတို့နှင့် ဉာဏ်ပညာတို့ကို   ပေါင်းစပ်ပြသနိုင်ခဲ့သည့် အတွက်  အလှမယ်ဘွဲ့ အား ယခုလို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

ကိုလံဘီယာအလှမယ် လော်ရာဂွန်ဇာလက်က ၂၀၁၇ မယ်စကြဝဠာပြိုင်ပွဲ၏ ဒုတိယဆုရှင်ဖြစ်ပြီး ဂျမေကာ အလှမယ် ဒေဗီနာဘန်းနက်က တတိယဆုကို ဆွတ်ခူးခဲ့သည်။

ပြိုင်ပွဲ၌အနိုင်ရရှိသော တောင်အာဖရိကအလှမယ်လေးသည် တစ်နှစ်ပတ်လုံးလစာနှင့် သူမအလှမယ်ဘွဲ့ကို ထိန်းသိမ်းထားသမျှကာလတစ်လျှောက် နယူးယောက်ရှိ ဇိမ်ခံတိုက်ခန်း၌ နေထိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required