ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တောင်အာရှခရီးစဉ် စတင်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တောင်အာရှခရီးစဉ် စတင်
(ဓာတ်ပုံ - အီးပီအေ)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ လာရောက်ရန် တနင်္ဂနွေနေ့က ခရီးစဉ်ကို စတင်လိုက်ပြီဖြစ်ပြီး သူ့ရဲ့ခရီးစဉ်ဟာဖြင့် ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်မှာ ဒေသစံတော်ချိန် မနက် ၁၀း၁၀ နာရီအချိန်က ဗာတီကန်မှ ကိုယ်စားလှယ်အဖွဲ့နှင့် သတင်းထောက် ၆၉ ဦးနှင့်အတူ ရောမမြို့ရဲ့ Fiumicino လေဆိပ်ကနေ Alitalia Airbus A330 လေယာဉ်ဖြင့် ထွက်ခွာပျံသန်းလာခဲ့တာဖြစ်ပါတယ်။

အဆိုပါလေကြောင်းဟာ ရန်ကုန်လေဆိပ်သို့ တနင်္လာနေ့ နေ့လည်ပိုင်း ၁း၃၀ နာရီမှာ ဆိုက်ရောက်မယ်လို့ သိရပါတယ်။ အဲဒီနောက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ ဂိုဏ်းချုပ်ဆရာတော်ကြီးအိမ်မှာ အနားယူမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာ ၂၇ ရက် တနင်္လနေ့မှာတော့ ဒီ့ပြင် အစီအစဉ်မရှိဘဲ အင်္ဂါနေ့မှာတော့ တရားဝင်ကြေညာထားတဲ့ အစီအစဉ်အတိုင်း စတင်မှာဖြစ်ပြီး သူဟာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ ၅၃ သန်းရဲ့ ၁ ရာခိုင်နှုန်းထက်အနည်းငယ်ပိုတဲ့ လူဦးရေကို ကိုယ်စားပြုတဲ့ ကက်သလစ်ဘာသာဝင် ၆၅၀,၀၀၀ ဦးခန့်ဟာ နေထိုင်ကြပါတယ်။ ယေဘုယျအားဖြင့် နိုင်ငံရဲ့ လူဦးရေ ၆ ရာခိုင်နှုန်းကျော်ဟာ ခရစ်ယာန်ဘာသာဝင်များဖြစ်ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဗုဒ္ဓဘာသာဝင်များနှင့်လည်း တွေ့ဆုံမှာဖြစ်ပြီး မြန်မာနိုင်ငံရှိ ယုံကြည်သူ ကက်သလစ်ဝင်များနှင့် ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်သွားလို့လည်း သိရပါတယ်။

နိုဝင်ဘာ ၃၀ ရက်မှာတော့ ပုပ်ရဟန်းမင်းကြီးဟာ သူရဲ့ အာရှခရီးစဉ် ဒုတိယမြောက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် ထွက်ခွာသွားမှာဖြစ်ပါတယ်။

Ref; EFE-EPA

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ၏ ကိုယ်ရေးအကျဉ်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Jorge Mario Bergoglio) ကို ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်တွင် အာဂျင်တီးနားနိုင်ငံ Buenos Airesမြို့၌ မွေးဖွားခဲ့သည်။

Jorge Mario Bergoglio သည် ဓာတုဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးအဖြစ် နည်းပညာ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီးနောက် ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးဘဝကို ရွေးချယ်ခဲ့ပြီး Villa Devoto ဒေသ ရဟန်းဖြစ်သင်ကျောင်းသို့ တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ် မတ်လ ၁၁ ရက်တွင် ယေဇူး၏ မိတ်ဆွေများအသင်းဂိုဏ်း (Jesuit) သို့ စတင်ဝင်ရောက် ခဲ့သည်။ ထို့နောက် သူသည် ချီလီနိုင်ငံ၌ လူမှုဗေဒ ဘာသာရပ်များကို သင်ယူပြီးနောက်ပိုင်း ၁၉၆၃ ခုနှစ်တွင် အာဂျင်တီးနားနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့သည်။ သူသည် ၁၉၆၄ ခုနှစ်မှ ၁၉၆၆ ခုနှစ်အတွင်း Santa Fé မြို့ရှိ Immaculate Conception College နှင့် Buenos Aires မြို့ရှိ ဆာလ်ဗာတော်ရေး ကောလိပ်တို့တွင် စာပေနှင့် စိတ်ပညာတို့ကို သင်ကြားပို့ချခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ သူသည် ခရစ်ယာန်ဓမ္မ သင်္ဂြိုဟ်ဘာသာရပ်ကို သင်ယူခဲ့ပြီး Colegio of San José မှ ဘွဲ့ရရှိခဲ့သည်။

၁၉၆၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် Archbishop Ramóm José Castellano မှ သူ့အား ကက်သလစ် ခရစ်ယာန်ဘုန်းတော်ကြီးအဖြစ် သိက္ခာတင်ပေးခဲ့သည်။ သူသည် ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၁ ခုနှစ်အတွင်း စပိန်နိုင်ငံ Alcalá de Henares တက္ကသိုလ်၌ ဆက်လက်ပညာသင်ယူခဲ့ပြီး ၁၉၇၃ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ယေဇူး၏ မိတ်ဆွေများ အသင်းဂိုဏ်းဝင် အဖြစ် ရာသက်ပန် ကတိသစ္စာ ပြုခဲ့သည်။ သူသည် ၁၉၇၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကျောင်းအုပ်၊ ဝိညာဉ်ရေးလမ်းညွှန်၊ အာပတ် ဖြေပေးသူ၊ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီးနှင့် ရဟန်းအမတ် (ကာဒီနယ်) အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အသက် (၇၆)နှစ်အရွယ် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်တွင် ရိုမန်ကက်သလစ် သာသနာတော်၏ ၂၆၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။ အရှင်သူမြတ် ဖရန်စစ်သည် ဥရောပဒေသမှ မဟုတ်ဘဲ ပုပ်ရဟန်းမင်းကြီးဖြစ်လာသည့် ပထမဦးဆုံး ယေဇူး၏မိတ်ဆွေများ အသင်းဂိုဏ်းဝင် ဘုန်းတော်ကြီးဖြစ်သည်။ (ကိုးကား - ပြန်ကြားရေးဝန်ကြီးဌာန)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required