ဘုရားကျောင်းတက်ခွင့်မရသည့်ကိစ္စ ပုပ်ရဟန်း မင်းကြီးကို တင်ပြခွင့်ရရန် ခရစ်ယာန်တစ်ဦးကြိုးပမ်း

ဘုရားကျောင်းတက်ခွင့်မရသည့်ကိစ္စ ပုပ်ရဟန်း မင်းကြီးကို တင်ပြခွင့်ရရန် ခရစ်ယာန်တစ်ဦးကြိုးပမ်း
Photo-EPA

ရန်ကုန် နိုဝင်ဘာ ၂၆ ။           ။ ရိုမန်ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းသို့ တက်ရောက်ဘုရားဝတ်ပြုခွင့် ပိတ်ပင်ခံထားရခြင်း နှင့်ပတ်သက်၍ မကြာမီ မြန်မာနိုင်ငံသို့ ကြွရောက် မည့် ပုပ်ရဟန်းမင်းကြီးအား တွေ့ဆုံတင်ပြနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတ အား အကူအညီတောင်းခံထားသည်ဟု ရိုမန်ကက် သလစ်ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်သူ မရိုဇာက ပြောကြား သည်။

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ယက်ရုံးတွင် ယနေ့၊ နိုဝင်ဘာလ ၂၆ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် မရိုဇာက ပြောကြားခဲ့ခြင်းဖြစ်သည်။

" ပုပ်ရဟန်းမင်းကြီးနဲ့တွေ့ခွင့်ရဖို့အတွက် နိုင်ငံတော် သမ္မတရုံးနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးတွေမှာ အကူ အညီတောင်းခံထားပါတယ်၊ တွေ့ခွင့်ရမရတော့ မသိသေးဘူး" ဟု မရိုဇာက မဇ္ဈိမသို့ ပြောသည်။

မရိုဇာသည် အဆိုပါ ဘုရားကျောင်းသို့ တက် ရောက်ဘုရားဝတ်ပြုခွင့် ပိတ်ပင်ခံထားရခြင်းကိစ္စ နှင့်ပတ်သက်၍ ၂၀၁၅ စက်တင်ဘာလမှ စတင်ပြီး ၅ ကြိမ်တိုင်တိုင် "ပုပ်ရဟန်းမင်းကြီး သိစေရန်" ဟူသော စာတန်းဖြင့် ဆန္ဒဖော်ထုတ်ခဲ့ဖူးသည်။

မရိုဇာအား ၂၀၀၉ ခုနှစ်ကတည်းက ဘာသာရေး ခေါင်းဆောင်များက ဘုရားကျောင်းတွင်း ဝင် ရောက်ခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ ဘာသာရေးကျောင်း အုပ်ကြီးတစ်ဦးက အသက်မပြည့်သေးသည့် ကျောင်း သားတစ်ဦးကို မှောင်ရိပ်ခိုမှုဖြင့် တရားစွဲဆိုခဲ့သည့် အမှုအား ကျောင်းသားဘက်မှလိုက်ပါဆောင်ရွက်ပေးခဲ့သည့်နောက် သာသနာညှိုးနွမ်းစေသည်ဟုဆိုကာ ဘုရားကျောင်း တက်ခွင့် ပိတ်ပင်ခံခဲ့ရသည်ဟု ကာယကံရှင် မရိုဇာ က ပြောသည်။ ၄င်း၏ နစ်နာမှုများကို သက်ဆိုင်ရာ ဌာနအဆင့်ဆင့် တင်ပြထားပြီး၊ ပြေလည်မှုမရရှိပါ က ထပ်မံဆန္ဒဖော်ထုတ်သွားမည်ဟု မရိုဇာက မဇ္ဈိမသို့ ပြောသည်။

ရိုမန်ကက်သလစ်ခရစ်ယာန်ဘာသာ၏ အထွဋ် အမြတ်ဖြစ်သည့် ၂၂၆ ပါးမြောက် ပုပ်ရဟန်း မင်းကြီး ဖရန်စစ်သည် မြန်မာနိုင်ငံသို့ မနက်ဖန် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပထမအကြိမ် ကြွ ရောက်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required