ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာကို တရုတ်သမ္မတထောက်ခံဟုဆို

ရခိုင်အရေးနှင့်ပတ်သက်ပြီး မြန်မာကို တရုတ်သမ္မတထောက်ခံဟုဆို

ပေကျင်း နိုဝင်ဘာ ၂၆ ။          ။ တရုတ်သမ္မတရှီကျင့်ပင်နှင့် မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် သောကြာနေ့ က တရုတ်နိုင်ငံဘေဂျင်းမြို့၌ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံက ထောက်ခံရပ်တည်ပေးသည့်အကြောင်းကို ပြောဆိုဆွေးနွေး ခဲ့ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတင်းထုတ်ပြန်ထားသည်။

ဘင်္ဂါလီများအပေါ် ရက်စက်သောလုပ်ရပ်များအတွက် တာဝန်ရှိသည်ဟုမြန်မာနိုင်ငံကို စွပ်စွဲပြောဆို ပြီး အနောက်နိုင်ငံများက ဖိအားများပေးနေသော်လည်း ယခုဖြစ်ပွားနေသည့် ပဋိပက္ခတစ်လျှောက်လုံးတွင် တရုတ်နိုင်ငံသည် ၄င်းတို့၏တောင်ဘက်မှ အိမ်နီးချင်းနိုင်ငံအပေါ် သံတမန်ရေးရာအရ ထောက်ခံမှုများပြုလုပ်လျက်ရှိကြောင်း ရိုက်တာသတင်းတရပ်တွင်ဖေါ်ပြထားသည်။

အကြမ်းဖက်သူများက မြန်မာလုံခြံုရေးစခန်းများကို တိုက်ခိုက်ခဲ့မှုအတွက် မြန်မာစစ်တပ်ကပြန်လည်တုံ့ပြန် မှုကြောင့် ပြီးခဲ့သော ၃လအတွင်း ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂါလီ ၆သိန်းကျော်ခန့်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးခိုလှုံခဲ့ကြသည်ဟု ကုလသမဂ္ဂကထုတ်ပြန်ထားသည်။

ထိုအရေးကိစ္စနှင့်ပက်သက်၍ ကုလသမဂ္ဂလုံခြံုရေးကောင်စီ၏ မြန်မာနိုင်ငံအပေါ်ဖိအားပေးမည့် ့ဥပဒေမူကြမ်းကို တရုတ်နိုင်ငံက ပယ်ချထားခဲ့သည်။  မြန်မာအာဏာပိုင်များက ဘင်္ဂါလီများအပေါ် တုံ့ပြန်သောလုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက ယခုအပတ်၌ ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖေ့စ်ဘုတ်စာမျက်နှာ၌ဖော်ပြခဲ့သော ထုတ်ပြန်ချက်အရ သူနှင့် တရုတ်သမ္မတတို့သည် နှစ်နိုင်ငံစစ်တပ်ကြား၌ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လုပ်ဆောင်သွားရန်နှင့် ရခိုင်အရေးနှင့်ပက်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည် ပေးမှုနှင့် အခြားသောအကြောင်းအရာများကို သောကြာနေ့က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ အင်္ဂါနေ့ကတည်းကရောက်ရှိနေခဲ့ပြီး သူ၏ခရီးစဉ်အတွင်း တရုတ်စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဆက်လက်ပြီး ထုတ်ပြန်ချက်ထဲ၌ သူတို့နှစ်ဦးသည် မြန်မာ-တရုတ်နယ်စပ်၌ အခြေစိုက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့အပါအဝင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်   မြန်မာအစိုးရကြား ဆွေးနွေးမှုများနှင့် ပတ်သက်၍လည်း ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံတော်သတင်းအေဂျင်စီ ဆင်ဟွာ၏အဆိုအရ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးဖြစ်စဉ်များဆောင်ရွက် နေမှုကို အနီးကပ်စောင့်ကြည့်နေကြောင်းနှင့် နယ်စပ်ဒေသများ၏ လုံခြံုရေးနှင့်တည်ငြိမ်ရေးတို့အတွက် အပြု သဘောဆောင်သော အခန်းကဏ္ဍမှ ပါ၀င်ဆောင်ရွက်ပေးလိုသည်ဟု ရှီကျင့်ပင်ကပြောခဲ့ကြောင်း သိရသည်။

ရှီကျင့်ပင်က တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲအမှုအပေါ် အမြဲတမ်းလေးစားလျက်ရှိသည် ဟု ပြောဆိုခဲ့ကြောင်း  ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly