ဆောက်လုပ်ရေးဝန်ကြီးဌာန ၁၃၁ နှစ်ပြည့် အခမ်းအနားကျင်းပ

ဆောက်လုပ်ရေးဝန်ကြီးဌာန ၁၃၁ နှစ်ပြည့် အခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ။           ။ ဆောက်လုပ်ရေးဝန်ကြီးဌာန/Public Works Department P.W.D၏ ၁၃၁နှစ်ပြည့် အခမ်းအနားကို နိုဝင်ဘာ (၂၅)ရက်နေ့က နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဒုတိယသ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အဖွင့်စကားပြောပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂုဏ်ပြု အမှာစကားပြောခဲ့သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများ စည်းလုံးညီညွှတ်စွာ နေထိုင်သည့် နိုင်ငံဖြစ်သည့် အလျောက် ဝေးလံခေါင်းပါးသော အရပ်ဒေသတွင် နေထိုင်သည့် တိုင်းရင်းသားညီအစ်ကို မောင်နှမတို့၏ လူမှုရေး၊ပညာရေး၊ ကျန်းမာရေး စီးပွားရေးများ ပိုမိုတိုးတက်ကောင်းမွန်လာဖို့ အခြေခံလိုအပ်ချက်များဖြစ်သည့် လမ်း၊တံတားများ ကောင်းမွန်ရန် လိုအပ်ကြောင်း သမ္မတကြီးဦးထင်ကျော်က ဂုဏ်ပြု အမှာစကားပြောရာတွင် ထည့်သွင်းပြောခဲ့သည်။

“လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်များအချင်းချင်း အပြန်အလှန်ကူးသန်း ဆက်သွယ်မှုတွေတိုးတက်များပြားလာတာနဲ့အမျှ တိုင်းရင်းသားညီအစ်ကိုများအားလုံးချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိလာမှာဖြစ်ပြီး လူမှုစီးပွားဘဝတွေလည်းတိုးတက် လာမှာဖြစ်ပါတယ်” ဟု သမ္မတကြီး ဦးထင်ကျော်ကပြောကြားခဲ့သည်။

ယခုနှစ်မှစပြီး ၀န်ကြီးဌာနမှ လမ်း၊တံတား၊မြို့ပြအဂါင်္ရပ်နဲ့ကိုက်ညီသော တိုက်တာအဆောက်အဦတွေ ဆောက်လုပ်တာအပြင် ကျေးလက်လမ်းတံတားတည်ဆောက်ရေးလုပ်ငန်းများကိုပါ တာဝန်ပေးထားသည့်တွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က အဖွင့်အမှာစကားပြောရာတွင် ပြောကြားခဲ့သည်။

ထို့ပြင် အိုင်တီကို အခြေခံသော အင်ဂျင်နီယာပိုင်း ကိုပါ တိုးတက်လာစေရန် နည်းပညာပိုင်းတိုးတက်မှု၊ သုတေသနပိုင်း၊ တီထွင်မှုအပိုင်းများကိုပါ ဆောင်ရွက်နေတယ်လို့ ၄င်းကဆိုတယ်။

ဦးဝင်းခိုင်က “အဆင့်မြင့်နည်းပညာ စက်ယန္တာရားများ ယာဉ်များနဲ့ ၀န်ကြီးဌာနရဲ့ဆောင်ပုဒ်နဲ့ အတူ မြန်မယ်၊ကောင်းမယ်၊ သက်သာမယ်၊ လုံခြုံစိတ် ချမယ်၊ မြန်ကောင်းသက်သာလုံခြုံစိတ်ချ ဆိုပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly