ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးရာမှ ကျောင်းသူ၊ ကျောင်းသား ၂၉ ဦး မူးဝေအော့အန်

ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးရာမှ ကျောင်းသူ၊ ကျောင်းသား ၂၉ ဦး မူးဝေအော့အန်
ဓာတ်ပုံ - တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း - Expanded Programme on Immunization, Myanmar
 

 

ရန်ကုန်၊ နိုဝင်ဘာလ ၂၅ ။            ။ ကရင်ပြည်နယ်၊ ကော့ကရတ်မြို့နယ်၊ လှိုင်ဝကျေးရွာရှိ အ.ထ.က ခွဲကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား များအား ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး ထိုးပေးရာမှ  ၂၉ ဦး မူးဝေအော့အန်မှု ဖြစ်ပွားခဲ့ကြောင်း ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက မဇ္စျိမသို့ ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်ထိ အဆိုပါ လှိုင်ဝကျေးရွာ အ.ထ.က.ခွဲကျောင်းတွင် သူငယ်တန်းမှ အဋ္ဌမတန်း အထိ ကျောင်းသူ၊ ကျောင်းသား ၅၂၄ ဦးအား ကာကွယ်ဆေးထိုးပေးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၄ ရက်နေ့၊ ၉ နာရီ ၃ဝ မိနစ်ခန့်တွင် ကျောင်းသူ ၂၂ ဦး၊ ကျောင်းသား ရ ဦး၊ စုစုပေါင်း ၂၉ ဦး မူးဝေအော့အန်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ဆေးရုံတင်ရတဲ့ အနေအထားတော့ မရှိပါဘူး။ ဆရာ၊ ဆရာမတွေက စိုးရိမ်လို့ ဆေးရုံကို သွားပြတာပါ။ သွားပြ ပြီးတော့ ချက်ချင်းပဲ ဆင်းသွားပြီ။ ဖြစ်သွားတာက ဒီမှာ ဇာတ်ပွဲလည်း ရှိတယ်။  ဇာတ်ပွဲရှိတော့ ကလေးတွေက ကြည့်ကြတာပေါ့။ ဒါကြောင့် အိပ်ရေးပျက်တော့ အားနည်းနေတာပေါ့။ ဆေးထိုးတဲ့ အချိန်ကျတော့ ဆေးက နည်းနည်းပြင်းတော့ ဆေးကနဂိုကတည်းက နာရီဝက်စောင့်ရတဲ့ ဆေးမျိုးဆိုတော့။ ဒါကြောင့် အိပ်ရေးပျက်တဲ့ ဒဏ်နဲ့ ဆေးအရှိန်နဲ့ ပေါင်းပြီး တချို့တွေက မူးကြတယ်။ အန်တဲ့သူလည်းရှိတာပေါ့။ တကယ်တမ်းကျတော့ ဆေးရုံတက်တဲ့ အဆင့်မရောက်ပါဘူး။ ဆေးကတော့ အသက်အန္တရာယ်မရှိပါဘူး။ စိုးရိမ်စရာလည်း မရှိပါဘူး ”ဟု အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောသည်။

ထိုသို့ မူးဝေအော့အန်သော ကျောင်းသူ၊ ကျောင်းသား ၂၉ ဦးအား ဆရာ၊ ဆရာမများက နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ညပိုင်းတွင် သက်သာလာသဖြင့် အယောက် ၂ဝ ခန့် ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၂၅ ရက်၊ ၉ နာရီခန့်တွင်လည်း ကျန်ရှိသူများ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း သိရသည်။

ကျောင်းအခြေပြု ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးပေးခြင်းအစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် အသက် ၁၃ နှစ် အရွယ်ကလေး ၁ ဦး ကာကွယ်ဆေးထိုးပြီးနောက် သေဆုံးမှုဖြစ်ပွားခဲ့သည်။

ထိုကလေးငယ်သေဆုံးမှုအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကလေးအထူးကု ဆရာဝန်ကြီးများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့တို့မှ တာဝန်ရှိသူများက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် နည်းပညာဆိုင်ရာစစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကာကွယ်ဆေးအရည်အသွေး၊ အအေးလမ်းကြောင်းနှင့် ဆေးထိုးသော နည်းစနစ်များမှာ မှန်ကန်ကြောင်း၊ ရင်ခွဲစစ်ဆေးချက်နှင့် အသားစ အနုစိတ်စစ်ဆေးချက်များအရ ကာကွယ်ဆေးနှင့် မတည့်လျှင် ဖြစ်ပေါ်တတ်သည့် ပြောင်းလဲမှုများကို လုံးဝမတွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူကလေးငယ်မှာ ငယ်စဉ်ကတည်းက လေပြွန်ရောင် သောရောဂါရှိနေသည့်အတွက် ကာကွယ်ဆေးထိုးပြီးသည့်အချိန်တွင် လေပြွန် ရုတ်တရက် ကျဉ်းသော လက္ခဏာများ ပြင်းထန်စွာဖြစ်ပေါ်ခဲ့ပြီး လိုအပ်သောကုသမှုများ ပေးခဲ့သော်လည်း သေဆုံးခဲ့ရခြင်းဖြစ်နိုင်သည် သုံးသပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် ဂျပန်ဦးနှောက်ရောင်ရောဂါ ဖြစ်ပွားမှုများသော ကမ္ဘာ့နိုင်ငံ (၂၄) နိုင်ငံတွင် ပါဝင်နေပြီး ဂျပန်ဦးနှောက်ရောင်ရောဂါမှာ ဖြစ်ပွားလျှင် ပျောက်ကင်းအောင် ကုသနိုင်သည့်ဆေးဝါးမရှိသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required