တရုတ်နိုင်ငံတွင် အင်တာနက်ပြစ်မှုများဖြင့် လူ ၁၅၀၀၀ကို ဖမ်းဆီးထား

တရုတ်နိုင်ငံတွင် အင်တာနက်ပြစ်မှုများဖြင့် လူ ၁၅၀၀၀ကို ဖမ်းဆီးထား
တရုတ်နိုင်ငံတွင် အင်တာနက်ပြစ်မှုများဖြင့်.....သတင်းပုံ။ တရုတ်နိုင်ငံ ရှီကျင်းပြည်နယ်မျ အင်တာနက်ကဖေးတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ။

ပေကျင်း၊ သြဂုတ်-၁၉ ။       ။ ဥပဒေပြင်ပ အင်တာနက်လုပ်ရပ်များကို စုံစမ်းထောက်လှမ်းသည့် စစ်ဆင်ရေးကို အရှိန်အဟုန်မြှင့်သည့်အနေဖြင့် အင်တာနက်လုံခြုံရေး ကိုနှောင့်ယှက်ဖျက်စီး သည့် ပြစ်မှုများဖြင့် လူပေါင်း ၁၅၀၀၀ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု တရုတ်အာဏာပိုင်များက ပြောကြားခဲ့သည်။

တရုတ် လူထုလုံခြုံရေးဝန်ကြီးဌာနက သြဂုတ်လ ၁၈ရက်နေ့ နှောင်းပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် မည်သည့်အချိန်က စတင်ဖမ်းဆီးခဲ့ကြောင်း အတိအကျဖော်ပြခြင်းမရှိခဲ့သော်လည်း လွန်ခဲ့သော တစ်လနှစ်လက စတင်ဖမ်းဆီးခဲ့ဖွယ်ရှိကြောင်း အရိပ်အမြွတ် ဖော်ပြခဲ့သည်။

ရဲအရာရှိများက ဆိုက်ဘာရာဇဝတ်မှုပေါင်း ၇၄၀၀ကို စုံစမ်းစစ်ဆေးခဲ့ပြီး နောင်တွင်လည်း အွန်လိုင်းရာဇဝတ်ဂိုဏ်းများကို ဆက်လက် ဖြိုခွင်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။

အင်တာနက်ရာဇဝတ်မှုမြောက်သောလုပ်ရပ်ဟု စွဲချက်တင်ထားသည့် အမှုတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည့် တရားခံ၇ယောက်တို့က ကုမ္ပဏီတစ်ခု၏ ဝက်ဘ်ဆိုက်ကို ထိန်းချုပ်ပြီး ဝဘ်စာမျက်နှာများကို အွန်လိုင်းလောင်းကစားကြော်ငြာများဖြင့် ဖြည့်ပစ်လိုက်သည်ဟု ဆိုသည်။ ထိုတရားခံ၇ယောက်မှာ ကုမ္ပဏီဝဘ်ဆိုက်ပေါင်း ၂၀၀၀ကို ဖောက်ထွင်းခဲ့သည်ဟု ဆိုသည်။

အခြားအမှုတစ်ခုတွင်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် တရားခံများက အဖျက်ဆော့ဖ်ဝဲကို ဒေါင်းလုပ်ဆွဲချမိစေသည့် ချိတ်ဆက် (link)ပါသော စာသားမက်ဆေ့ချ်များကို မိုဘိုင်းဖုန်းအသုံးပြုသူများ ထံသို့ပေးပို့ခဲ့သည်ဟု ဆိုသည်။ ဖုန်းကို ထိန်းချုပ်ပြီး အဖျက်ဆော့ဖ်ဝဲက ဘစ်နှင့် ကတ်နံပါတ်များအပါအဝင် ကိုယ်ရေးအချက်အလက်များကို ခိုးယူနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့်လကလည်း လူထုလုံခြုံရေးဝန်ကြီးဌာနက အင်တာနက်သန့်ရှင်းရေး ၆လစစ်ဆင်ရေးတစ်ရပ်ကို ကြေညာ၍ လိမ်လည်မှုနှင့် မသမာမှုကဲ့သို့သော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးခဲ့သကဲ့သို့ ညစ်ညမ်းပုံများကဲ့သို့သော အန္တရာယ်ရှိသည့် လိုင်းတင်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လက အသစ်ပြင်ဆင်ပြဌာန်းလိုက်သည့် အမျိုးသားလုံခြုံရေးဥပဒေအရ နိုင်ငံတော်အနေဖြင့် တရားမဝင် အန္တရာယ်ရှိသည့် သတင်းအချက်အလက်များ ပျံ့နှံ့မှုကို တားဆီးရန်အတွက် လိုအပ်သည့် အရေးယူမှုမှန်သမျှကို လုပ်ဆောင်နိုင်စေသည့် အာဏာကို အပ်နှင်းထားသည်။

တရုတ်နိုင်ငံမှာ သုံးစွဲသူ ၆၆၈သန်းနှင့် ကမ္ဘာပေါ်တွင် အင်တာနက်သုံးစွဲသူအများဆုံး လူဦးရေကို ပိုင်ဆိုင်ထားပြီး၊ အင်တာနက် ကြီးထွားဖွံ့ဖြိုးလာသည်နှင့်အမျှ ဆိုက်ဘာရာဇဝတ်မှုများမှာလည်း ထုနှင့်ထည်နှင့် တိုးမြှင့်လာနေသည့်အပြင် အထူးသဖြင့် အဖျက်ဆော့ဖ်ဝဲ ချိတ်ဆက်များပါသည့် စာသားမက်ဆေ့ချ်ပို့ခြင်းများမှာ အလွန်မြင့်တက်လျှက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required