ရုရှသမ္မတ ဗလာဒီမီယာ ပူတင် ကရိုင်းမီးယားကမ်းလွန်တွင် နစ်မြှုပ်နေသည့် သင်္ဘောပျက်တစ်စင်းကို လေ့လာရန်အတွက် ရေငုပ်သင်္ဘောငယ်ဖြင့် ပင်လင်တွင်းသို့ ငုပ်ဆင်းခဲ့

ရုရှသမ္မတ ဗလာဒီမီယာ ပူတင် ကရိုင်းမီးယားကမ်းလွန်တွင် နစ်မြှုပ်နေသည့် သင်္ဘောပျက်တစ်စင်းကို လေ့လာရန်အတွက် ရေငုပ်သင်္ဘောငယ်ဖြင့် ပင်လင်တွင်းသို့ ငုပ်ဆင်းခဲ့
ရုရှသမ္မတ ပူတင် ရေငုပ်..သတင်းပုံ။ ပင်လယ်နက်ရေပြင်ထဲသို့ မငုပ်ဆင်းမီ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်အား ရေငုပ်သင်္ဘော မှန်ပူပေါင်းခန်းထဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ -အေအက်ဖ်ပီ။

မော်စကို၊ သြဂုတ်-၁၉ ။       ။ ရုရှသမ္မတ ဗလာဒီမီယာ ပူတင်က ယမန်နှစ်က မော်စကိုက ယူကရိန်းထံမှ သိမ်းယူထားခဲ့သည့် ကရိုင်းမီးယားကျွန်းဆွယ်ကမ်းလွန်ရှိ သင်္ဘောပျက်တစ်စင်းကို စူးစမ်းလေ့လာရန်အတွက် သြဂုတ်လ ၁၈ရက်နေ့က ရေငုပ်သင်္ဘောငယ်တစ်စင်းဖြင့် ပင်လယ်ပြင်ထဲ ငုပ်ဆင်းသွားခြင်းဖြင့် ၎င်း၏ လူစွန့်စားပုံရိပ်ကို ပိုမိုတောက်ပစေလိုက်သည်။

သဲငွေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ပူတင်မှာ ရေငုပ်သင်္ဘော၏ မှန်ပူပေါင်းခန်းထဲတွင် ရေယာဉ်မှူးနှင့်အတူ ယှဉ်ထိုင်လျှက် ရေအောက် ၈၃မီတာအနက်အထိ ထိုးဆင်းသွားခဲ့သည်။

‘၈၃မီတာဆိုတာ တော်တော်နက်ပါတယ်။ စိတ်ဝင်စားစရာလည်း ကောင်းပါတယ်’’ဟု ရေငုပ်ပြီးနောက် ဂျာနယ်လစ်များနှင့် ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ကရင်မလင်၏ အာဏာရှင် ဆန်သောခေါင်းဆောင်မှာ ကရိုင်းမီးယားကမ်းလွန် ပင်လယ်နက်ထဲတွင် နစ်မြှုပ်နေသော ဆယ်ရာစုနှစ် မြေထည်ပစ္စည်းများ သယ်ဆောင်လာသည့် ဘိုင်ဇန်တိုင်းခေတ် သင်္ဘောပျက်တစ်စင်းကို ကြည့်ရှုရန်အတွက် ရေအောက်သို့ ငုပ်ဆင်းသွားခဲ့ခြင်းပင် ဖြစ်သည်။

သင်္ဘောပျက်ကို ယခုနှစ်အစောပိုင်းက ရုရှရေငုပ်သမားများက ဆီဗက်စတိုပိုကမ်းလွန်တွင် တွေ့ရှိခဲ့ကြခြင်းပင်ဖြစ်သည်။ ‘လူသုံးကုန်စည်တွေကို ဘာလာကလာဗာပင်လယ်အော်ကို ဖြတ်သန်း ပို့ဆောင်နေတဲ့ ရွက်သင်္ဘောကြီးတစ်စင်းပါ’’ဟု ပူတင်က ပြောကြားခဲ့သည်။

‘ပညာရှင်တွေက စစ်ဆေးရဦးမှာပါ။ ပင်လယ်နက်မြောက်ပိုင်းမှာ အလားတူသင်္ဘောပျက်မျိုး မရှိဘူးလို့ ကျွန်တော်ပြောရပါလိမ့်မယ်’’ဟုလည်း ပူတင်က ထပ်လောင်းပြောကြားသည်။ ပူတင်မှာ ရုရှနိုင်ငံကို ကြီးမှူးနေခဲ့သည့် ၁၅နှစ်တာကာလအတွင်း လူထု၏ စိတ်နှလုံးကို သိမ်းကြုံးဆွဲငင်နိုင်သည့် စွန့်စားခန်းများဖြင့်ဖြင့် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး သူ၏ စွန့်စားခန်းများထဲတွင် ကြိုးကြာငှက်များနှင့်အတူ ပျံသန်းခြင်း၊ အပေါ်ပိုင်းဗလာကျင်းဖြင့် မြင်းစီးခြင်း၊ မျိုးတုံးလုလုကျားတစ်ကောင်ကို မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ခြင်းများပါဝင်သည်။     

၂၀၀၉ခုနှစ်ကလည်း ကမ္ဘာ့အနက်ဆုံး ဘိုင်ကယ်ရေကန်ကြီး၏ ကြမ်းပြင်သို့ ရေငုပ်သင်္ဘောငယ်တစ်စင်းဖြင့် ၁၄၀၀မီတာအနက်အထိ ငုပ်ဆင်းခဲ့ဖူးသည်။ ရုရှပြည်သူများကြား ဂျူဒိုခါးပတ်နက် သမ္မတပုံရိပ် ကို တောက်ပြောင်နေစေရန်အတွက်လည်း ဂျူဒိုကစားနေသည့်ပုံများကို တမင်ပင် ရိုက်ကူး၍ မီဒီယာများတွင် ဖော်ပြလေ့ရှိခဲ့သည်။

၂၀၁၄ခုနှစ် ဖေဖော်ဝါရီလ ကရိုင်းမီးယားကို သိမ်းယူပြီးကတည်းက ရုရှနိုင်ငံပိုင်မီဒီယာက ပူတင်၏ ပုံရိပ်ကို အကြီးအကျယ်မြှင့်တင်လာခဲ့ရာ ပူတင်ကို လူကြိုက်များမှှုမှာ မကြာသေးမီလများက ၉၀ရာခိုင်နှုန်းလျော့လျော့အထိ ခေတ်အဆက်ဆက် အမြင့်မားဆုံးသို့ ရောက်ရှိလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly