၄ ကြိမ်မြောက် ဥရောပရွှေဖိနပ်ဆုကို မက်ဆီ လက်ခံရရှိ

၄ ကြိမ်မြောက် ဥရောပရွှေဖိနပ်ဆုကို မက်ဆီ လက်ခံရရှိ
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၆-၁၇ ဘောလုံးရာသီရဲ့ ဥရောပဂိုးသွင်းအများဆုံးဖြစ်သူ ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားကြယ်ပွင့်ကစားသမား မက်ဆီဟာ ၎င်းရဲ့ ၄ ကြိမ်မြောက်အဖြစ် ဥရောပရွှေဖိနပ်ဆုကို သောကြာနေ့က လက်ခံရရှိခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက လာလီဂါပြိုင်ပွဲမှာ ၃၇ ဂိုး သွင်းယူခဲ့သူဖြစ်ပြီး အခုလို ဥရောပ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီရဲ့ ရွှေဖိနပ်ဆုကို ယမန်နှစ်က ဥရောပ ရွှေဖိနပ်ဆုရှင် အသင်းဖော် လူးဝစ်ဆွာရက်ဇ်က ပေးအပ်ချီးမြှင့်ပေးခဲ့ပါတယ်။

“ကျနော် အမြဲပြောလေ့ရှိတာက တစ်ဦးချင်းဆုတံဆိပ်တွေဟာ အသင်းတစ်သင်းရဲ့ ကြိုစားအားထုတ်မှုရဲ့ ရလဒ်ဖြစ်တယ်ဆိုတာပါ။ ဒီဆုဟာ ကျနော့်ရဲ့ အသင်းဖော်တွေမပါဘဲ ဒီလိုဂိုးတွေ သွင်းယူနိုင်မှာ မဟုတ်ပါဘူး။ ဒီဆုက သူတို့အားလုံးအတွက်ဖြစ်ပါတယ်။ ”လို့ မက်ဆီက အဆိုပါဆုပေးပွဲအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ မက်ဆီဟာ ဥရောပရွှေဖိနပ်ဆုတွေကို ၂၀၀၉-၁၀၊ ၂၀၁၁-၁၂ နှင့် ၂၀၁၂-၁၃ ဘောလုံးရာသီတွေမှာ ဆွတ်ခူးရရှိခဲ့ပြီး ယခုအကြိမ်ကတော့ လေးကြိမ်မြောက်ဖြစ်ခဲ့ပါတယ်။

မက်ဆီဟာ ယခုနှစ်ဘောလုံးရာသီမှာလည်း လာလီဂါမှာ ၁၂ ဂိုးသွင်းကာ ဂိုးအများဆုံးသွင်းသူအဖြစ် ဦးဆောင်နေပြီး ဘာစီလိုနာအသင်းမှာလည်း အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required