ကလေးတွေနဲ့ လူငယ်တွေအပေါ် ဂီတက ဘယ်လို သက်ရောက်မှု ရှိသလဲ

ကလေးတွေနဲ့ လူငယ်တွေအပေါ် ဂီတက ဘယ်လို သက်ရောက်မှု ရှိသလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon

 

ဂီတမရှိတဲ့ကမ႓ာကြီးကို မြင်ယောင်ကြည့်ပါ။ အတော်ကိုပျင်းဖို့ကောင်းပြီး ဆိုးရွားလှမယ့်ကမ႓ာကြီး ဖြစ်ပါလိမ့်မယ်။ ရုံးထဲမှာအလုပ်လုပ်နေကြသူတွေ ဒါမှမဟုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြသူတွေတောင် နောက်ခံသီချင်းလေးတော့ ခပ်တိုးတိုးလေးဖွင့်ပြီး အလုပ်လုပ်တတ်ကြတာပါ။ ကျွန်တော်တို့ခေါင်းထဲမှာသီချင်းသံစဉ်စာသားလေးတွေက အချိန်တော်တော်များများဆိုသလို တရစ်ဝဲဝဲ ဖြစ်နေတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ဂီတဟာမရှိမဖြစ်လိုအပ်ပြီး သူ့ရဲ့အကျိုးသက်ရောက်မှုလေးတွေလည်း ရှိပါတယ်။ ကဲ… ဒီဆောင်းပါးမှာဆိုရင် ကလေးတွေနဲ့လူငယ်တွေအပေါ်သက်ရောက်တဲ့ ဂီတရဲ့လွှမ်းမိုးမှုတွေကို ကြည့်ကြစို့ရဲ့။

ဂီတရဲ့အကျိုးကျေးဇူးများ

ကိုယ်ဝန်ဆောင်မိခင်တယောက်အနေနဲ့ ဗိုက်ပေါ်မှာနားကြပ်တင်ပြီး ကလေးလေးနားထောင်ဖို့သီချင်းဖွင့်ပေးထားတာမျိုးကို မြင်ရတာဟာ အဆန်းမဟုတ်တော့ပါဘူး။ ဦးနှောက်စွမ်းရည် မြင့်မားတာ၊ နားထောင်စွမ်းရည်တိုးတက်တာ၊ ဘာသာစကားနဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ခံစားရတာအစရှိတဲ့ ကောင်းကျိုးတွေကို သီချင်းနားထောင်ခြင်းကနေ ရရှိနိုင်ပါတယ်။ ဦးနှောက်စွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။ ဒါတွေအားလုံး ပေါင်းလိုက်ရင် ကလေးလေးအသက်ကြီးလာတဲ့အခါ ပညာရေးအတွက် အများကြီးအထောက်အကူဖြစ်စေမှာအမှန်ပါပဲ။
ဒါ့အပြင် ဘော်စတွန်ကလေးဆေးရုံကြီးကပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာချက်တခုအရ တူရိယာပစ္စည်းတွေ တီးခတ်ခြင်းဟာ အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်း၊ စိတ်အာရုံစူးစိုက်နိုင်စွမ်း၊ အတွေးတွေကိုစုစည်းနိုင်စွမ်းနဲ့အမူအကျင့်တွေ ကောင်းမွန်အောင် ထိန်းချုပ်နိုင်စွမ်းစတာတွေကို တိုးတက်လာစေတယ်လို့ဆိုပါတယ်။ ဒါဟာ ကလေးလေးကြီးပြင်းလာတဲ့ သက်တမ်းတလျှောက် ပညာရေးမှာသာမက လူမှုပေါင်းသင်းဆက်ဆံရေးမှာပါ အရေးပါတဲ့စွမ်းရည်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒင်္ဂါးမှာ ခေါင်းနဲ့ပန်းရှိတာကို မမေ့ပါနဲ့။

ဂီတရဲ့ ဘေးထွက်ဆိုးကျိုးများ

တေးဂီတဟာ တီးလုံးတစ်ခုတည်းနဲ့လာတာမဟုတ်ပါဘူး။ စာသားလည်း ပါပါတယ်။ သင့်အနေနဲ့ဘယ်အချက်တွေပေါ်မူတည်ပြီး သီချင်းတပုဒ်ကိုကြိုက်တယ် မကြိုက်ဘူး ဆုံးဖြတ်ပါသလဲ။ သံစဉ်ကြောင့်ကြိုက်တာလည်း ဖြစ်နိုင်ပေမယ့် အဓိကကတော့ ကိုယ့်ရဲ့လက်ရှိအနေအထားနဲ့တိုက်ဆိုင်တဲ့ စာသားလေးတွေကြောင့် ဖြစ်တယ်ဆိုတာတော့ ဘယ်လိုမှ ငြင်းလို့မရပါဘူး။ မြီးကောင်ပေါက်အရွယ်လေးတွေ၊ ကလေးတွေလည်း ထိုနည်းလည်းကောင်းပါပဲ (အသက်ရှစ်နှစ်ကနေ ဆယ်နှစ်အရွယ်ကလေးတွေဟာ အကြမ်းဖြင်းအားဖြင့် တနေ့ကို တနာရီလောက်တော့ သီချင်းနားထောင်ကြတယ်လို့ဆိုပါတယ်)။

ဒီခေတ်သီချင်းတွေဟာ လိင်ကိစ္စ၊ ဆေးချတာ၊ ကြမ်းကြမ်းတမ်းတမ်းစကားလုံးတွေ သုံးစွဲတာ၊ အကြမ်းဖက်တာ၊ သေတာသတ်တာ၊ သတ်သေတာအစရှိတဲ့ ထိရှလွယ်တဲ့အကြောင်းအရာတွေကို ပိုလို့ ရေးဖွဲ့လာကြပါတယ်။ National Institute on Media ရဲ့ ၁၉၉၉ခုနှစ် ထုတ်ပြန်ချက်အရ အရောင်းရဆုံးစာရင်းမှာ ထိပ်ဆုံးဆယ်နေရာအတွင်း ရောက်နေတဲ့သီချင်းခွေတွေထဲမယ် လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့သီချင်းမျိုးက တစ်ခွေကိုအနည်းဆုံးတစ်ပုဒ်လောက်တော့ ပါဝင်လေ့ရှိတယ်လို့သိရပါတယ်။ ကိုင်း…အခုရောက်နေတာ၂၀၁၇ဆိုတော့ ဒီ ၁၈ နှစ်အတွင်းမယ် ဒီပမာဏဟာ ပိုတိုးလာဖို့သာ ရှိပါတယ်။

လူတွေ သီချင်းနားထောင်တာဟာ ဖျော်ဖြေရေးသက်သက်ပါလို့ငြင်းခုန်နေမှုတွေရှိပေမယ့် ဒီဖက်နှစ်ပိုင်းတွေမှာ ခေတ်စားလာတဲ့ EDM လို့ခေါ်တဲ့ မြူးမြူးကြွကြွအကသံစဉ်တွေဟာ အရက် ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲမှုတွေနဲ့ ဆက်စပ်မှုတွေရှိနေတာကို တွေ့မြင်နေရပါတယ်။ ဒါ့အပြင် သီချင်းတွေဟာ မြီးကောင်ပေါက်ဆယ်ကျော်သက်အရွယ်တွေရဲ့ မကောင်းတဲ့စိတ်ခံစားမှုတွေကို ပိုဆွပေးတယ်လို့လည်း လေ့လာမှုတွေအရသိရပြီး ရော့ခ်၊ ဟဲဗီးမက်တယ် အစရှိတဲ့ ပေါက်ကွဲပြင်းထန်တဲ့ ဂီတအမျိုးအစားတွေဟာ မိမိကိုယ်ကိုသတ်သေမှုနှုန်းမြင့်မားလာတာနဲ့ တနည်းတဖုံပတ်သက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါတင်မကသေးပါဘူး၊၊ တချို့နာမည်ကျော်သီချင်းတချို့မှာပါဝင်လာတဲ့ လူမျိုးရေးခွဲခြားတာ၊ ကျားမခွဲခြားတာ စတဲ့အချက်တွေဟာ နားထောင်သူတွေအဖို့အဆိပ်အတောက်ဖြစ်စေပြီး ခွဲခြားမှုတွေကို မီးလောင်ရာလေပင့်စေပါတယ်။

ဂီတဟာ ကလေးတွေ ဖွံ့ဖြိုးကြီးထွားတဲ့ဖြစ်စဉ်မှာ များစွာအထောက်အကူပေးနိုင်တဲ့ ရင်းမြစ်တခုဖြစ်ပါတယ်။ ဒါပေမယ့် အဆိုးအကောင်းတွေကတော့ ဒွန်တွဲလို့နေပါတယ်။ အင်တာနက်တွေ၊ ဖုန်းတွေ ပိုတွင်ကျယ်ခေတ်စားလာတာနဲ့အမျှ ကလေးတွေဟာ ကြိုက်တဲ့သီချင်းကို ကြိုက်တဲ့နေရာမှ ာကြိုက်သလို နားထောင်နေနိုင်စွမ်းရှိနေပြီး မိဘတွေအနေနဲ့လည်း ကိုယ့်သားသမီး ဘာတွေနားထောင်နေလို့နားထောင်နေမှန်းလည်း သိရမှာမဟုတ်ပါဘူး။ ဒါကြောင့်ဂီတရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကလေးတွေမခံစားရလေအောင် မိဘတွေအနေနဲ့ဂရုတစိုက်လေ့လာစောင့်ကြည့် ထိန်းကွပ်ပေးသင့်လှပါကြောင်း။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly