အဓမ္မပြုကျင့်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို Backstreet Boys အဖွဲ့မှ နစ်ခ်ကာတာငြင်းဆန်

အဓမ္မပြုကျင့်ခဲ့သည်ဆိုသော စွပ်စွဲချက်များကို Backstreet Boys အဖွဲ့မှ နစ်ခ်ကာတာငြင်းဆန်

 

တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့သည့် အမေရိကန်မှအမျိုးသားဂီတအဖွဲ့ Backstreet Boy ၏ အဖွဲ့ဝင် ဖြစ်သူ နစ်ခ်ကာတာက အမျိုးသမီးဂီတအဖွဲ့မှ မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟု သူ့ကိုပြောဆိုနေ ကြသည့် စွပ်စွဲချက်များသည် တုန်လှုပ်ဖွယ်ကောင်းပြီး စိတ်မကောင်းဖြစ်ရကြောင်း တုံ့ပြန်ပြောဆိုခဲ့ကာ ထိုစွပ်စွဲ ချက်များကို ငြင်းဆန်ခဲ့သည်။

အမေရိကန်အဆိုတော် မယ်လီဆာစကတ်ချ်မန်းက ကာတာသည် သူမအသက် ၁၈ နှစ်အရွယ်တုန်းက သူမကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့ကြောင်း ယခုလအစောပိုင်းက စတင်စွပ်စွဲခဲ့သည်။

“သူဟာတကယ့်ကိုအကြင်နာတရားမဲ့ခဲ့ပြီးတော့ ကျမငြင်းဆန်နေတာကိုတောင်မှ အလျှော့မပေးပဲ ကျူးလွန်ခဲ့ တာဖြစ်ပါတယ်” ဟု သူမက စွပ်စွဲပြောဆိုခဲ့သည်။

သို့သော်လည်း ကာတာက “မစ္စစကတ်ချ်မန်းဟာ ဒီအကြောင်းတွေကို ကျနေ်ာတို့အတူရှိတုန်းက တစ်ခါမှ ထုတ်မပြောခဲ့ဖူးပါဘူး။ ဒါဟာကျနော့်ရဲ့စရိုက်နဲ့လည်း လုံးဝကိုဆန့်ကျင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ယခုလိုစွပ်စွဲချက်များသည် လက်ရှိအချိန်တွင် ရုပ်ရှင်နှင့်ဂီတလောက၌ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာသည့် အမျိုးသမီးများ၏ ထုတ်ဖော်ပြောကြားချက်များထဲမှ တစ်ခုဖြစ်သည်။

မယ်လီဆာစကတ်ချ်မန်း၏ပြောဆိုချက်အရ လွန်ခဲ့သော ၂၀၀၃ခုနှစ်တွင် ကာတာသည် ရိုက်ကူးရေးတစ်ခု ပြုလုပ်ရန်အတွက် သူ၏အိမ်သို့ သူမအားဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ ထို့နောက်တွင် ကာတာသည် သူမအား အလိုမတူဘဲ အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့ကြောင်းနှင့် သူမအားကုတင်ပေါ်၌ မုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲပြောဆိုခဲ့ သည်။

စကတ်ချ်မန်းနှင့် ကာတာတို့သည် တေးသီချင်းများ အတူတူသီဆိုဖျော်ဖြေခဲ့ဖူးပြီး ကာတာက “ ကျနော်ဟာ သူ့ကိုအမြဲတမ်း လေးလေးစားစားဆက်ဆံခဲ့သလို အကူအညီတွေလည်းပေးခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာအရ ရော အလုပ်သဘောအရပါ ဆက်ဆံခဲ့ဖူးပါတယ်” ဟု ပြောခဲ့သည်။

လွန်ခဲ့သော ၁၉၉၀ ခုနှစ်များက ပေါက်သီချင်းများဖြစ်ခဲ့သည့် I Want It That Way နှင့် Evereybody တို့ကို သီဆိုခဲ့သည့် ကာတာအား မည်သည့်တရားစွဲဆိုမှုမှ ပြုလုပ်နိုင်ခဲ့ခြင်းမရှိသလို လက်ရှိအချိန်တွင် သူသည် လာ့စ်ဗီးဂတ်စ်ရှိ သူ၏နေအိမ်၌ အေးချမ်းစွာနေထိုင်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required